(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ၁၀ ဦး သွားရောက်ယှဉ်ပြိုင်မည်
ရန်ကုန် မေ ၇
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)တွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်မှ ၁၀ ဦး သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားသမားများသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်း မြို့တော်စည်ပင် အားကစားဝင်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိပြီး ယနေ့နေ့လယ်ပိုင်းတွင် လက်ရွေးစင် ကာယဗလမောင်/မယ်များ ကာယဗလလက်ရည်စစ် ပြသကြသည်။ လက်ရည်စစ်ပြသရာတွင် ၇၀ ကီလိုတန်း၊ ၈၀ ကီလိုတန်း၊ ၈၅ ကီလိုတန်း Men Athletic Physique Women Bodybuilding & Mix Pair လက်ရွေးစင် အားကစားသမားများက ကိုယ်ဟန်ခုနစ်မျိုးနှင့် တစ်ဦးချင်း စိတ်ကြိုက်ကိုယ်ဟန် အနေအထားဖြင့် ကျစ်လျစ်ကြံ့ခိုင်မှုကို နောက်ခံတေးဂီတဖြင့် ပါဝင်ပြသကြသည်။
ယနေ့ပြုလုပ်သည့် ကာယဗလမောင်/မယ်များ၏ ကာယဗလ လက်ရည်စစ် ပြသခြင်းကို မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြပြီး ဒုတိယမြို့တော်ဝန်က အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများနှင့် ဒိုင်လူကြီးများအား ရင်းနှီးစွာ တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် အားကစားဝတ်စုံများ ပေးအပ်ကာ တစ်ဦးချင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)ကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ မြို့တော်ဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်သန်း ဦးဆောင်၍ လက်ရွေးစင် အားကစားသမား ငါးဦး၊ အုပ်ချုပ်သူနည်းပြ သုံးဦးနှင့် ဒိုင်လူကြီးနှစ်ဦး စုစုပေါင်း ၁၀ ဦး သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။