ဗီယက်နမ်အတွက် ပထမဆုံး ဆုတံဆိပ်ကို ငိုဖူးမိုင်ကရယူပေး
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ(ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၌ စတင်ကျင်းပလျက်ရှိရာ ဗီယက်နမ်နိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်ကို မေ ၈ ရက်တွင် ဒိုင်ဗင်အားကစားမယ်ဖြစ်သည့် ငိုဖူးမိုင်က ရယူပေးလိုက်ကြောင်း သိရသည်။
ဒိုင်ဗင်ထိုး အားကစားနည်းတွင် ငိုဖူးမိုင်က ငါးကြိမ်တိုင်တိုင် ဒိုင်ဗင်ထိုးပြီးနောက် ရမှတ် ၂၂၄ မှတ်ဖြင့် တတိယဆုကို ရရှိခြင်းဖြစ်သည်။
မလေးရှားနိုင်ငံမှ ဒိုင်ဗင်ထိုး အားကစားသမားများ ဖြစ်သည့် နာဒါဘီတာဆာဘရီနှင့် ကင်ဘာလီဘောင်းတို့က ရမှတ် ၂၉၀ ဒသမ ၄၅ နှင့် ၂၃၀ အသီးသီးတို့ဖြင့် ပထမနှင့် ဒုတိယဆုတို့ကို ရရှိသွားသည်။
For a Stronger South-east Asia ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပလျက်ရှိသည့် အဆိုပါဆီးဂိမ်း အားကစားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်မှ ကျင်းပနိုင်ခြင်းဖြစ်သည်။
အားကစားနည်းအမျိုး ၄၀ နှင့် အားကစားပြိုင်ပွဲပေါင်း ၅၂၆ ပွဲကျင်းပသွားမည့် ဆီးဂိမ်း အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။