မြန်မာအသင်း ပါဝင်သော ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်
နေပြည်တော် မေ ၈
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပါဝင်သည့် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို မေ ၈ ရက်က ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲကို မြန်မာအမျိုးသမီး အသင်းနည်းပြချုပ် ဦးတင်မြင့်အောင် အပါအဝင် ထိုင်း၊ စင်ကာပူ၊ လာအိုအသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။
“ဆီးဂိမ်းပြိုင်ပွဲအတွက် အာရှဖလား ပြိုင်ပွဲပြီးကတည်းက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ဒီပြိုင်ပွဲအတွက် ပြင်ဆင်ချိန် လုံလောက်မှုရှိပါတယ်။ ပြီးခဲ့တဲ့ အာရှဖလားပြိုင်ပွဲက အားနည်းချက်၊ အားသာချက်တွေ အပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲမှာ အဓိကပြိုင်ဘက်ကတော့ အိမ်ရှင်ဗီယက်နမ် အပါအဝင် ထိုင်းနဲ့ဖိလစ်ပိုင် ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းတိုင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲလိုတာပါ”ဟု မြန်မာအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောကြားသည်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို မေ ၉ ရက် (ယနေ့) စတင်မည်ဖြစ်ပြီး ဖိလစ်ပိုင်အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု (ခ) ပွဲစဉ်များကို မေ ၁၀ ရက်တွင် စတင် ကျင်းပမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မေ ၇ ရက်မှစတင်ကာ ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
မြန်မာအမျိုးသမီး အသင်းသည် တောင်ကိုရီးယား ခြေစမ်းခရီးစဉ်မှ မေ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေ ၇ ရက်မှစတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။