ရွာငံမြို့နယ်ရှိ တောင်သူများ ဈေးကွက်ခိုင်မာသည့် ဝဥများကို တိုးချဲ့စိုက်ပျိုးလာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ တောင်သူများမှာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာမှု ရှိသည့် ဝဥပင်များကို တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
ယခုအခါ စိုက်ပျိုးရေးကဏ္ဍများ တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ ဝဥပင်များကိုလည်း စိုက်နည်းစနစ် အမှန်များဖြင့် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး လာကြသည်။
ဝဥမျိုးများတွင် အတွင်းသား အဝါရောင် ကျီးဝ၊ အဖြူရောင် ကျောက်ဝ(ခေါ်) ဝသိုး မျိုးတို့ကို သဘာဝတောတောင် များတွင် ရှာဖွေကာ မျိုးပွားစနစ်ဖြင့်ပြန်လည် ပျိုးထောင် စိုက်ပျိုးကြပြီး အတွင်းသား ပန်းရောင်ရှိ ဝပန်းမျိုးကို မြိတ်၊ ထားဝယ်နှင့် ချင်းပြည်နယ်တို့မှ ဝယ်ယူ၍ စိုက်ပျိုးကြသည်။
အတွင်းသားပန်းရောင်ရှိ ဝပန်းမျိုးပွားရာတွင် ဝဥပင်အရွက်မှ သီးသော ရွက်သီး၊အဖူးတံမှ ထွက်ရှိသော ဖူးတံသီးမျိုးနှင့် ဥကြီးမှပွားသော ဥငယ်မျိုးများကို ဝပန်းတစ်မျိုးတည်းတွင်သာ မျိုးပွားနည်း စနစ်သုံးမျိုးဖြင့်ရရှိပြီး အဝါရောင်ကျီး၀ နှင့် အဖြူရောင်ကျောက်ဝ(ခေါ်) ဝသိုးတို့မှာ ဥပြန်လည်စိုက်ပျိုးရသော ရွာငံဒေသထွက် သဘာဝ မျိုးရင်းဖြစ်သည်။
ဝပန်းတွင် ရွက်သီးမျိုးနှင့်ဥမျိုးများကို မြေချစိုက်ပျိုး၍ရသော်လည်း ဖူးတံသီးကို ပေါင်စနစ်ဖြင့် လည်းကောင်း၊ အိတ်ပျိုးစနစ်ဖြင့် လည်းကောင်း တစ်ဆင့်ပြန်လည် ပျိုးထောင်စိုက်ပျိုးကြသည်။
ရွာငံမြို့နယ်၌ ယခင်က ဒေသမျိုးရင်းများကိုသာ စိုက်ပျိုးကြသော်လည်း ယခုအခါတွင် မျိုးကောင်းမျိုးသန့် အထွက်နှုန်းတိုး သုံးမျိုးရဝပန်းများကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြကြောင်း၊ တစ်ဧကတွင် ၁၀ ကျပ်သားခန့်ဝဥမျိုး ၂၂၅၀ ဥ ဝင်ဆံ့ပြီး ဝပန်းမျိုးဥတစ်ဥလျှင် ငွေကျပ် ၂၀၀ ခန့် ဝယ်ယူစိုက်ပျိုး ရကြောင်း၊ မြေဆီလွှာသင့်တင့်ပြီး အပုပ်အားကောင်းပါက သုံးနှစ်အတွင်း သုံးပိဿာခန့်အထိ ထွက်ရှိကြောင်း သိရသည်။ ယခင်နှစ်က ဝဥအစို တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၊ အခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ အထိရောင်းချရကြောင်း သိရသည်။