နေပြည်တော် မေ ၈
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်များကို ယနေ့ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ Viet Tri Stadium ၌ အုပ်စု(က) ပွဲစဉ်မှ မြန်မာအသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက တီမောအသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည်။
ယင်းပွဲစဉ်တွင် မြန်မာအသင်းအတွက် စိုးမိုးကျော်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း အစရှိသည့်အမာခံကစားသမားများကို ပွဲထုတ်ခဲ့ပြီး ပထမပိုင်း ပွဲစမှာပင် မြန်မာအသင်းသည် ဂိုးဖန်တီးမှု အမြောက်အမြားကို ဖန်တီးနိုင်ခဲ့ကာ ဦးဆောင်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၃၇ မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ၄၁ မိနစ်တွင် ထက်ဖြိုးဝေတို့က သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းအနေဖြင့် အခွင့်အရေးတချို့ ရခဲ့သော်လည်း ပိုင်နိုင်စွာ အသုံးမချနိုင်ခြင်းကြောင့် နစ်နာခဲ့ရပြီး တီမောအသင်းက ချေပဂိုးရရှိသွား သည်။ အောင်ကောင်းမာန်၊ ဟိန်းထက် အောင်တို့မှာ ခြေစွမ်းမပြနိုင် ဖြစ်ခဲ့သည့် အပြင်ကွင်းလယ်ကစားသမား လွင်မိုးအောင်လည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရကာ မြန်မာအသင်းတိုက်စစ်ပိုင်းက အားပျော့သွားခဲ့ပြီး အနိုင်ဂိုးကို အောင်ဝဏ္ဏစိုးက ၉၄+၄ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည့်အတွက် မြန်မာအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး အဖိုးတန်သုံးမှတ်ကို ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ်လာမည့် မေ ၁၀ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ဖိလစ်ပိုင်အသင်းသည် အဖွင့်ပွဲစဉ်တွင် တီမောအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားကြာင်း သိရသည်။
ကျော်လွင်