ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြု
နေပြည်တော်၊ မေ - ၉
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးအဖွဲ့တို့နှင့်အတူ ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြု အမှာစကားပြော ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ခရိုင်များမှ စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် စေတနာ့ဝန်ထမ်းများကိုယ်စား စစ်တွေမြို့၊ ရွှေရောင်မေတ္တာပရဟိတအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။