တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး၊ ကျိုင်းတုံမြို့ရှိ ချယ်ရီမွန်ဘော်ဒါဆောင်၌ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ -

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ချယ်ရီမွန်ဘော်ဒါဆောင်၌ COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။