၂၀၂၂ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲကျင်းပ

၂၀၂၂ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲကျင်းပ

နေပြည်တော်၊ မေ - ၉

၂၀၂၂ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ တပ်မတော် (လေ)မှ အရာရှိကြီးများ၊ အရာရှိ/ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက အမျိုးသားဘော်လီဘော ဗိုလ်လုပွဲ ပွဲစဉ် ဖြစ်သည့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အသင်းနှင့် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်အသင်း တို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီး တွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများနှင့်   ဗိုလ်လုပွဲ ပွဲစဉ်အသီးသီးတွင် အနိုင်ရရှိခဲ့သည့် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းတို့အား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၂ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲကို မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် မိုးလုံလေလုံအားကစား ခန်းမ၌ မေ ၂ မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်း၊ ဌာနချုပ်အသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား ဘော်လီဘောအသင်း(၁၃)သင်းနှင့် အမျိုးသမီးဘော်လီဘော အသင်း(၈)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။