နေပြည်တော်၊ အောက်တိုဘာ - ၃
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရာသီဥတု ဖောက်ပြန်ပြီး မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းထောက်ပံ့မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ၃ ရွာနှင့် ချီကျေးရွာအုပ်စုရှိ ကျေးရွာ ၂ ရွာတို့မှ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်နှင့် တာဝန်ရှိသူများက မကြီးကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ သွားရောက် ပေးအပ်သည်။
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ကျေးရွာ ၅ ရွာတို့မှ အိမ်ထောင်စု ၆၂၂ စု၊ တောင်သူ ၂၄၈၈ ဦးအတွက် ဆန် ၃၈၈ အိတ်၊ ဆီ ၆၉၆ ပိဿာ၊ ဆား ၆၀၈ ပိဿာနှင့် ပဲ ၁၀၄၄ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကျေးရွာ ၅ ရွာတို့မှ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၄၄၅ ဧက ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တပ်မတော်က ထောက်ပံ့ပေးအပ်ခြင်းအပေါ် ဒေသခံ တောင်သူ များနှင့် ကျေးရွာနေပြည်သူများမှ အထူးပင်ဝမ်းမြောက်၍ ကျေးဇူးတင် ရှိကြောင်းနှင့် ရင်တွင်း စကားသံများကို ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ပါတယ်-
''အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ စီးပွားရေး ကျပ်တည်းနေသလို တစ်ဖက်မှာလည်း မိုးခေါင်ခြင်းကြောင့် သီးနှံများပျက်စီးဆုံးရှုံးပြီး အခက်အခဲအကျပ်အတည်းနဲ့ရင်ဆိုင်နေရချိန်မှာ လာရောက်ပြီး လှူဒါန်းထောက်ပံ့ပေးတဲ့ အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်''ဟု ဒေသခံတောင်သူတစ်ဦး ကပြောသည်။
အလားတူ ဒေသခံတောင်သူတစ်ဦးကလည်း ''အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ စီးပွားရေး ကျပ်တည်းနေသလို တစ်ဖက်မှာလည်း မိုးခေါင်ခြင်းများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးပြီး အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လာရောက် ကူညီ လှူဒါန်းထောက်ပံ့ပေးတဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကို အထူးပင် ကျေးဇူးတင်ရှိပါတယ်'' ဟု ထပ်မံပြောကြားသည်။