မန်ယူအသင်းကစားသမား များအနေဖြင့် လာမည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ရမည် ဖြစ်သည့်အတွက် ကစားသမားများအနေဖြင့် လုပ်ခလစာလျှော့ချခံရမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်မတည်ငြိမ်မှုများကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ပြီး ယာယီနည်းပြအဖြစ် ရင်းနစ်နှင့်အစားထိုးခဲ့သော်လည်း ရလဒ်များ တိုးတက်လာခြင်း မရှိဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၇)တွင် ဘရိုက်တန်အသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ရမည်ဖြစ်သည်။
မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်မရရှိသည့်အတွက် အသင်း ဝင်ငွေများစွာလျော့ ကျဖွယ်ရှိနေသည့် အခြေအနေများကြောင့် စာချုပ်ပါ အချက်အလက်များအရ မန်ယူအသင်း ကစားသမား များအနေဖြင့် လုပ်ခလစာလျှော့ယူရမည် ဖြစ်သည်။
မန်ယူအသင်းသည် အသင်းမှ ကစားသမားများကို ခေါ်ယူစာချုပ်ချုပ်ဆိုစဉ်ကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လွဲချော်မည်ဆိုပါက ကစားသမားများ အနေဖြင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းလျှော့ယူရမည်ဟု စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုထားခြင်း ဖြစ်သည်။
လက်ရှိ မန်ယူအသင်းတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၈၅၀၀၀ ရရှိနေသည့် စီရော်နယ်ဒို အနေဖြင့် လုပ်ခလစာ လျှော့ယူရမည် ဖြစ်သည့်အတွက် လာမည့်ဘောလုံးရာသီတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၈၈၀၀၀ သာရရှိမည် ဖြစ်သည်။
ယခုဘောလုံးရာသီတွင် မန်ယူအသင်းအနေဖြင့် ပွဲကစားရန် တစ်ပွဲသာ ကျန်ရှိတော့သည့် အချိန်တွင် ရမှတ် ၅၈ မှတ်သာ ရရှိထားပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက်ပင် ရမှတ်လိုအပ်လျက် ရှိကြောင်း သိရသည်။
Ref;Manchester Evening News