စင်ကာပူအပြေးသမား ဂိုခုအီလင်းက ပြိုင်ပွဲ လေးမျိုးမှ ဆုလေးခုစလုံးရရှိရန်မျှော်မှန်းထား

စင်ကာပူနိုင်ငံမှ   အပြေးအားကစားသမား ဂိုခုအီလင်းက  (၃၁)ကြိမ်မြောက်ဆီးဂိမ်းတွင်ထည့်သွင်းကျင်းပမည့်  အပြေး ပြိုင်ပွဲလေးမျိုးမှ ဆုလေးခုစလုံးကိုရရှိရန်မျှော်မှန်းထားသည်။

ဂိုခုအီလင်းအနေဖြင့် ပြီးခဲ့သည့်ဆီးဂိမ်းများတွင် အပြေးအားကစားနည်းမှ မည်သည့်ဆုတံဆိပ်မျှရရှိထားခြင်း မရှိသော်လည်း ယခုနှစ်တွင်မူ ၎င်း၏မျှော်မှန်းချက်ပြည့်မီရန် အခွင့်အရေးကောင်းများစောင့်နေသည်ဟု ပြောထားသည်။

၎င်းင်းသည် မေ ၁၄ ရက်တွင်ကျင်းပမည့် မီတာ ၁၅၀၀ နှင့် မီတာ ၅၀၀၀ အပြေးပြိုင်ပွဲများ၊ မေ ၁၆ ရက်တွင် ကျင်းပမည့် မီတာ ၈၀၀ ပြိုင်ပွဲနှင့် မေ ၁၈ ရက်တွင်ကျင်းပမည့် မီတာ ၁၀၀၀၀ ပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

အလားတူ ဂိုခုအီလင်းသည် အနည်းဆုံး ပြိုင်ပွဲသုံးခုတွင် နိုင်ငံတော်အဆင့်စံချိန်များကို ချိုးနိုင်ရန်လည်း မျှော်မှန်းထားသည်။

၎င်းင်းအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် နှစ်လအတွင်း မီတာ ၁၀၀၀၀ အပြေးစံချိန်ကို နှစ်ကြိမ်တိုင်တိုင် ချိုးထားနိုင်ကာ ပြီးခဲ့သည့် လတွင်မူ မီတာ ၅၀၀၀ အပြေးစံချိန်အသစ်တင်ထားနိုင်ကြောင်း သိရသည်။

မောင်ငြိမ်းချမ်း