(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ဗီယက်နမ်အားကစားသမားများအနေဖြင့် သက်ဆိုင်ရာပြိုင်ပွဲတိုင်းတွင် ရွှေတံဆိပ်ဆုရရှိပါက ဗီယက်နမ်ဒေါင် ၁၀ သန်းကို ငွေသားဆုအဖြစ် ချက်ချင်းရရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို ဗီယက်နမ်အားကစားဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ထရန်ဒက်ဖန်က မေ ၈ ရက်တွင် လက်မှတ်ထိုး အတည်ပြုလိုက်ခြင်းဖြစ်သည်။
ထိုအစီအစဉ်အရ ရွှေဆုရှင်များသာမက အားကစားပွဲတိုင်းတွင် ငွေတံဆိပ်နှင့်ကြေးတံဆိပ်ရရှိသူများသည်လည်း ဗီယက်နမ်ဒေါင် ၅ သန်းနှင့် ၃ သန်းစီ အသီးသီးဆုရရှိမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံက အားကစားသမားအယောက် ၉၅၀ အပါအဝင် ကိုယ်စားလှယ် ၁၃၄၁ ဦးပါဝင်သော ဆီးဂိမ်းအားကစားပြိုင်ပွဲအဖွဲ့ကို ယှဉ်ပြိုင်စေလျက်ရှိသည်။
ယခုကဲ့သို့ ဆုရရှိသူများကို ငွေသားချက်ချင်းချီးမြှင့်ပေးမည့် အစီအစဉ်သည် အားကစားသမားများ၏ စိတ်ဓာတ်တက်ကြွစေရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်ငြိမ်းချမ်း