နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဖြေကြားချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဖြေကြားချက်

နေပြည်တော် မေ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက   ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်    မေးမြန်းချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ   တက်ရောက်မည့် အမည်စာရင်းကို မေလ ၉ ရက်နေ့က ကျွန်တော်တို့ တောင်းခဲ့ပါတယ်။ ဒီလိုတောင်းခဲ့တဲ့အခါ  အခုအချိန်အထိ ငြိမ်းချမ်းရေးမှာ NCA လက်မှတ်ထိုးပြီးသားအဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေး ထိုးထားရသေးတဲ့ အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မယ် ဆိုတဲ့ စာရင်းပေးမှုကို  ကျွန်တော်တို့ ရရှိပြီးဖြစ်ပါတယ်။ တချို့အဖွဲ့တွေကတော့ မြင်တွေ့နေရတဲ့အတိုင်းပဲ သူတို့က ကြေညာချက်တွေထုတ်ပြီး  မတက်ရောက်ဘူးဆိုတာလည်း တွေ့ရပါတယ်။ တချို့အဖွဲ့တွေကတော့  သူတို့အဖွဲ့အတွင်းမှာ   ညှိနှိုင်း တိုင်ပင်နေဆဲဖြစ်တဲ့ အတွက်ကြောင့် စောင့်ကြည့်ချင်တဲ့သဘော   ပြောတဲ့အဖွဲ့လည်း ရှိပါတယ်။

ဆွေးနွေးပွဲကတော့ ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ ဒီ EAO အဖွဲ့တွေ သူတို့ အဆင်ပြေနိုင်တဲ့ အချိန်ကိုပဲ ကျွန်တော်တို့က ဦးစားပေးပြီး စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံး ဆွေးနွေးသွားဖို့   ရည်မှန်းထားတာဖြစ်ပါတယ်။

သို့သော် ဒီအဖွဲ့တွေရဲ့ အဖွဲ့တစ်ဖွဲ့အတွင်းမှာလည်း မတူညီတဲ့အကြောင်းအရာတွေ ရှိတဲ့အတွက် ဆွေးနွေးပွဲကို ကျွန်တော်တို့က ဘယ်အချိန် လုပ်မယ်ဆိုတာကို သတ်မှတ်ပေးတာထက် သူတို့ဆီကနေ  တုံ့ပြန်ချက်တွေ ရလာတဲ့အချိန်၊ ဒီအပေါ်မှာ ဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးပြီးသား ၇ ဖွဲ့မှာတော့ DKBA  အဖွဲ့ပါတယ်။ KNU - KNLA/PC အဖွဲ့ပါတယ်။ ပအို့အဖွဲ့ PNLO အဖွဲ့ပါတယ်။    ပြီးရင်တော့  မွန်အဖွဲ့  NMSP  အဖွဲ့ပါတယ်။ ပြီးရင် ရခိုင်အဖွဲ့ ALP အဖွဲ့ပါတယ်။ ပြီးရင် ရှမ်းက RCSS(SSA) အဖွဲ့ပါတယ်။ ပြီးရင် လားဟူ LDU အဖွဲ့ပါတယ်။ ဒါကတော့ NCA ထိုးပြီးသား ၇ ဖွဲ့ပေါ့။ NCA မထိုးရသေးတဲ့ ၃ ဖွဲ့ကတော့ UWSA “ဝ” အဖွဲ့ပါပါတယ်။ NDAA မိုင်းလားအဖွဲ့ ပါပါတယ်။ နောက်တစ်ခုကတော့ ရှမ်းအဖွဲ့ SSPP(SSA)   ရှမ်းအဖွဲ့ပါပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ဒီ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပြီးဖြစ်တယ်။  ဒါကြောင့်  နိုင်ငံတော်အကြီးအကဲ    ကိုယ်တိုင်ကလည်း ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့တာရှိပါတယ်။ အဲ့ဒီအပေါ်မှာတော့  သဘောထားအမြင် အမျိုးမျိုးရှိကြတာပေါ့။ ဒီလိုသဘောထား အမြင်  အမျိုးမျိုး ရှိကြတဲ့အထဲမှာ   တချို့လည်း ထုတ်ပြန်ချက်တွေ   ထုတ်ပြန်တာပေါ့။ ကျွန်တော်ပြောချင်တာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ  EAO တွေထက် ပိုပြီးပတ်သက်တဲ့သူ  ဘယ်သူတွေ ရှိဦးမှာလဲ။

ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ   အားလုံးဆိုတဲ့နေရာမှာ EAO  တွေထက် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ   ဘယ်သူများရှိဦးမှာလဲ။ ကျွန်တော်သတင်းစာ ရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးရာထက်  ဒီအချိန်ဟာ အချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းပဲဖြစ်တဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့  မလာဘူးဆိုတဲ့ အဖွဲ့တွေ ဒါတွေကတော့ သူတို့ရဲ့ငြိမ်းချမ်းရေးပေါ်မှာ ထားရှိတဲ့သဘောထား၊ ပြည်သူလူထုနဲ့   ဒေသခံလူထုပေါ်မှာ ထားရှိတဲ့ သဘောထား   ပေါ်လွင်လာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။

ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ဦးစားပေး လုပ်ဆောင် သွားမှာဖြစ်တဲ့အတွက်   အခုဆွေးနွေးဖို့ ပေးထားတဲ့အဖွဲ့များနဲ့  ကျွန်တော်တို့ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရ အနေနဲ့က  ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို  ခိုင်ခိုင်မာမာ အာမခံထားတာဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ လိုလားချက်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ ဆက်လက်ပြီး  ဆွေးနွေးသွားမှာဖြစ်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်အောင်မြင်ဖို့ဆိုရင်  ကျွန်တော်တို့ အလေးထားပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။