အရိပ်ကောင်းမှာခိုအောင်းနိုင်ရေး

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ ဟူသောစကားပုံရှိသည်။ သစ်ပင်တစ်ပင်သည်  အခက်အလက် ဝေဆာပြီး အရိပ်အာဝါသနှင့်ပြည့်စုံပါက ငှက်တစ်သောင်းခိုဝင်နားနေနိုင်သကဲ့သို့ သစ်ပင်ပေါင်း များစွာရှိပါက ငှက်ပေါင်းတစ်သောင်းမကနားခိုနိုင်သည့်နည်းတူ လူပေါင်းမြောက်မြားစွာလည်း အေးချမ်းသာယာမှုကို ဖြစ်စေပေလိမ့်မည်။ သက်ရှိကမ္ဘာလောကတည်မြဲရေး၊ စဉ်ဆက်မပြတ်တည်ရှိရေးအတွက် တည်ရှိနေသော သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များပျက်စီးယိုယွင်းပျောက်ကွယ်မှုမရှိဘဲ အစဉ်တည်ရှိနေစေရန် လိုအပ်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများသည် ကမ္ဘာကြီး၏ တန်ဖိုးရှိသော သက်ရှိအရင်း အမြစ်များ ဖြစ်သည်။ သတ္တဝါ၊ အပင်၊ အဏုဇီဝပိုးနှင့် လူသားတို့အားလုံးသည် ဂေဟစနစ်အစိတ်အပိုင်းတို့ အချင်းချင်း ဆက်နွှယ်နေကြသည်။

လူသားအားလုံးသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိပေသည်။

ပတ်ဝန်းကျင် ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ပါဝင်သည့် လူသားတို့ ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ တိရစ္ဆာန်များနှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း စသည်တို့ကို ဆိုလိုသည် ဟူ၍ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ လူသားတို့နေထိုင်သော ကမ္ဘာကို ပိုမိုကောင်းမွန်အောင် ဖန်တီးရန်မှာ လူသားတိုင်းတွင်တာဝန်ရှိသည့်အတွက် လူတိုင်းဆောင်ရွက်နိုင်သော အလုပ်မှာသစ်ပင်စိုက်ပျိုးခြင်း ဖြစ်သည်။ ဥတုရာသီတောကိုမှီ၏။ ဇီဝမျိုးစုံတောမှာစုံ၏ ဆောင်ပုဒ်အတိုင်း ရာသီဥတုမျှတရေးသည် သစ်ပင်သစ်တောများ အပေါ်တွင် များစွာ တည်မှီလေသည်။ သစ်တောများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးတုံး ပျောက်ကွယ်ခြင်းကြောင့် တောမီးလောင်ခြင်း၊ သစ်တောစိုက်ခင်းများ ပျက်စီးခြင်း၊ ပိုးမွှားရောဂါပိုမိုကျရောက်ခြင်း၊ တောတွင်းနေတိရစ္ဆာန်များ ကျက်စားနားခိုရာ အသိုက်အမြုံများ ပျက်စီးခြင်း၊ အပင်မျိုးစိတ်များ မျိုးမပွားနိုင်တော့ခြင်း၊ အပင်နှင့်တောတိရစ္ဆာန်များပွင့်သီးချိန်၊ ပေါက်ဖွားချိန်ပုံမှန် မဟုတ်တော့ခြင်း၊ ချိန်ကိုက်မဖြစ်တော့ခြင်း စသော ဆိုးကျိုးများ ကြုံတွေ့နိုင်ပါသည်။

ယနေ့ကမ္ဘာကြီး၏ ဖြစ်ပျက်နေမှုကို လေ့လာကြည့်လျှင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီဥတုဆိုးရွားလာခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက်လာခြင်း စသည်ဖြင့် ဘေးဒဏ်အမျိုးမျိုးတို့ကို လူသားတို့ တွေ့ကြုံ ရင်ဆိုင်နေကြရသည်။ နှစ်သန်းပေါင်းများစွာထဲက တည်ရှိလာသော ရေခဲများ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည်။ ပင်လယ်ရေမြင့်တက် လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည်။ လူဦးရေတိုးပွားလာမှုကြောင့် လူသားတို့နေထိုင်ရန် မြို့ကွက်သစ်များ ဖော်ထုတ်ကြရသည်။ စက်မှုလုပ်ငန်းများတိုးချဲ့ရန် သစ်ပင်များခုတ်လှဲရှင်းလင်းခြင်း၊ သဘာဝသယံဇာတများ ထုတ်ယူရန်အတွက် သစ်ပင်များခုတ်လှဲခြင်းစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်များခုတ်လှဲမှုက သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ပျက်စီးစေသည်။

သစ်ပင်များ စိုက်ပျိုးမှုများလာမှ သစ်တောများဖြစ်ထွန်းလာမည်။ သစ်တောများ ပေါများလာပါမှ ရာသီဥတု မှန်ကန်လာပေမည်။ စက်မှုလုပ်ငန်းများမှ စွန့်ပစ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာ ပျက်စီးသည်။ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက်လာနေသည်။လူသားတို့၏ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုများကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လူသားတို့ပင် ပြန်လည်ခံစားနေကြရသည်။

သစ်ပင်စိုက်ပျိုးခြင်းဆိုရာဝယ် အဖွဲ့အစည်း၊ အသင်းအဖွဲ့အလိုက် စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့ တစ်ဦးချင်းသည် ကိုယ်ပိုင်အိမ်ခြံဝင်း အတွင်းမှာလည်း စိုက်ပျိုးနိုင်သည်။ လေကာပင်၊ နှစ်ရှည်စားပင်များ စိုက်ပျိုးနိုင်သည်။ စိမ်းစိမ်းစိုစိုနှင့် သစ်ပင်များ ထူထပ်နေသော အိမ်ခြံဝင်းကလေးကို မြင်ရသူတိုင်း စိတ်ကြည်လင်အေးမြစေသည်။

ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းသည် လူတိုင်းလုပ်ဆောင်နိုင်သော အလုပ်ဖြစ်ပေရာ သစ်ပင်စိုက်မှ အရိပ်ရ၏။

အရိပ်ခိုနားနေ အပန်းပြေ၏ ဆိုသည့်အတိုင်း သစ်ပင်များ စိုက်ပျိုးကြရမည်။ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ကြီးထွားရန် ပြုစုပျိုးထောင်ရန်လည်း လိုအပ်သည်။ မိမိစိုက်ပျိုးသောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းခြင်းကို မြင်တွေ့ရသောအခါ ရင်မှာပီတိဖြစ်သည်။ ထို့ကြောင့် ဝန်းကျင်လှပမျှတရာသီ ဖြစ်စေရေး လူတိုင်းကိုယ်စီသစ်ပင်

စိုက်ပျိုးပေးကြပါရန် ရေးသားလိုက်ရပေသည်။ ။