(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် မေ ၁၀
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစား အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ယနေ့ထွက်ခွာသည့် မြန်မာအားကစား အဖွဲ့တွင် အားကစား အုပ်ချုပ်မှု အဖွဲ့ဝင် ၃၅ ဦး၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဘော်လီဘော အသင်းသား ၁၆ ဦး၊ မြန်မာ့လက်ရွေးစင် ဝူရှူးအသင်းမှ အမျိုးသားခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး၊ E-Sports မှ အမျိုးသား အားကစားသမား တစ်ဦး၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးတို့ လိုက်ပါသွားကြသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်ထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များသည် မေ ၄ ရက် တွင် ပထမအသုတ်အဖြစ် လည်းကောင်း၊ ယနေ့ခရီးစဉ်သည် ဒုတိယအသုတ်အဖြစ် လည်းကောင်း၊ မေ ၁၁ ရက်တွင် တတိယ အသုတ်အဖြစ် လည်းကောင်း၊ မေ ၁၃ ရက် တွင် စတုတ္ထအသုတ်အဖြစ် လည်းကောင်း၊ မေ ၁၆ ရက်တွင် ပဉ္စမအသုတ်အဖြစ် လည်း ကောင်း၊ မေ ၂၀ ရက်တွင် ဆဋ္ဌမအသုတ် အဖြစ် လည်းကောင်း စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ တိုက်ရိုက် ခရီးစဉ် သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။