ဆက်သွယ်ရေးစတေရှင်မှ တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူနှစ်ဦး၏ ထွက်ဆိုချက်များအား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်ထောင်စုအဆင့်)မှတစ်ဆင့် KNLA သို့ ပေးပို့ ဆောင်ရွက်မည်

နေပြည်တော်၊ အောက်တိုဘာ -

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်-မြဝတီ လမ်းဟောင်း အလယ်ဘိုတဲ ဆက်သွယ်ရေး စတေရှင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား နှစ်ဦးအား ဩဂုတ်လ ၃၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ တပ်မတော်သား နှစ်ဦး ကိုင်ဆောင်သည့် လက်နက်ခဲယမ်း များအား ယူဆောင်သွားသည့် ဖြစ်စဉ်တွင် ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည့် သတင်းအား အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး၏ ဆက်သွယ်ရေး စတေရှင်မှ တပ်မတော်သား နှစ်ဦးအား သတ်ဖြတ်ခဲ့စဉ် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ ထွက်ဆို ချက်များအရ KNLA တပ်မဟာ ၇ တပ်ရင်း(၁၀၁)မှ တပ်စုမှူးအဆင့်ရှိသူ တစ်ဦး၏ ခိုင်းစေချက်အရ ၎င်းမှတစ်ဆင့် ချိတ်ဆက်ပေးသူ KNLA အဖွဲ့ဝင် စောနံပြားနှင့် အတူ ၎င်းတို့နှစ်ဦးမှ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါသည်။

၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်များကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်ထောင်စုအဆင့်) Joint Ceasefire Monitoring Committee – Union Level မှတစ်ဆင့် KNLA သို့ ပေးပို့သွားမည် ဖြစ်ပြီး ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဆက်စပ်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။