(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဖူဆယ်ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားကို မေ ၁၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟာနမ်မြို့ရှိ Moung Thanh Luxury ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ်မြ. Mr. Bunlert Cheowarang က ကျွန်တော်တို့ အာဆီယံပြိုင်ပွဲမှာတွေ့ခဲ့တဲ့ အမှားတွေကိုပြင်ဆင်ပြီး ဆီးဂိမ်းပြိုင်ပွဲကို လာရောက်ခဲ့တာပါ။ ကစားသမားတွေလည်း သူတို့ရဲ့အမှားတွေကို အကောင်းဆုံး ပြင်ဆင်လာခဲ့ပြီး ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါဟု ပြောသည်။
အိမ်ရှင်ဗီယက်နမ်အသင်းနှင့်ပတ်သက်၍ မေးမြန်းချက်များကို ဗီယက်နမ်အသင်းက ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံပြိုင်ပွဲမှာ နှစ်ကြိမ်စလုံးကို ပွဲချိန်အတွင်း သရေကစား နိုင်ခဲ့တယ်။
အခုလည်း အကောင်းဆုံးပြင်ဆင်လာခဲ့တာကြောင့် ဗီယက်နမ်အသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းရမယ်လို့ ယုံကြည်ပါတယ်ဟု Mr. Bunlert Cheowarang က ပြောသည်။
ထို့ပြင် အသင်းခေါင်းဆောင် မျိုးမြင့်စိုးကလည်း ဗီယက်နမ်အသင်းက တိုက်စစ်ကစားပုံရော ခံစစ်ကစားပုံပါ အရမ်းကောင်းတဲ့အသင်းပါ။ ဗီယက်နမ် အသင်းနဲ့ကစားခဲ့ရတာ ခက်ခဲတယ်ဆိုပေမယ့် ကျွန်တော်တို့ သူတို့နဲ့ ကစားမယ့်ပွဲစဉ်ကို စိုးရိမ်စိတ်မရှိဘဲ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ ဟု မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းအနေဖြင့် မေ ၁၄ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် လည်းကောင်း၊ မေ ၁၆ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ မေ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ မေ ၂၀ ရက်တွင် မလေးရှားအသင်းနှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
ကျော်လွင်