(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲစဉ်အုပ်စု(ခ )ပြိုင်ပွဲများကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပရာ မေ ၁၀ ရက် ည ၆ နာရီခွဲတွင် ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့က လည်းကောင်း၊ ည ၉ နာရီတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ကလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက စင်ကာပူအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညပိုင်းတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက လာအိုအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
မြန်မာအမျိုးသမီးအသင်းက ပထမပိုင်း ပွဲစချိန်မှစတင်ပြီး လာအိုအသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ရာ ဝင်းသိင်္ဂီထွန်းက မိနစ် ၃၀ တွင် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ရှေ့တန်းတိုက်စစ်မှူး ခင်မာလာထွန်းက ၅၇ မိနစ်တွင်လည်းကောင်း၊ ၆၈ မိနစ်တွင် လည်းကောင်း အသီးသီး သွင်းယူပေးနိုင်သည့်အတွက် မြန်မာအသင်းက လာအိုအသင်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအုပ်စု(ခ)တွင် ထိုင်းအသင်း၊ လာအိုအသင်း၊ စင်ကာပူအသင်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်ပြီး မေ ၁၃ ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ ၁၅ ရက်တွင် စင်ကာပူအသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။
ကျော်လွင်