ရန်ကုန်၊ ဘောလုံး
၂ဝ၂၂ အာရှ ယူ-၁၇ နှင့် ယူ-၂ဝ
အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲကို လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် လက်ခံကျင်းပ ခွင့်ရရှိထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးကပြောသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယခင်က အာရှ ယူ-၁၆ နှင့် ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အဖြစ် ကျင်းပလေ့ရှ ိသော်လည်း ၂ဝ၂၂ ခုနှစ်တွင် အပြောင်းအလဲပြုလုပ်ကာ သက်တမ်းတစ်နှစ်စီ တိုးမြှင့်၍ အာရှ ယူ-၁၇ နှင့် ယူ-၂ဝ ပြိုင်ပွဲအဖြစ် ပြောင်းလဲ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲများ အတွက် ခြေစစ်ပွဲများကို ၂ဝ၂၁ ခုနှစ် အတွင်း ကျင်းပရန် စီစဉ်ထားသည်။
''လာမယ့်နှစ်ထဲမှာ ကျင်းပမယ့် အာရှ အဆင့်ပြိုင်ပွဲတွေထဲက ခြေစစ်ပွဲတချို့ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ကြိုးပမ်း နေပါ တယ်။ လူငယ်ခြေစစ်ပွဲတွေထဲက လာမယ့် နှစ်အတွင်း ကျင်းပမယ့် ၂ဝ၂၂ အာရှ ယူ- ၁၇ နဲ့ ယူ-၂ဝ အမျိုးသမီးခြေစစ်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ကြိုးပမ်းမှု အောင်မြင်ပါပြီ။ အာရှဘောလုံးအဖွဲ့ချုပ်က တရားဝင်စာပြန်ထားပါတယ်။ တခြားပြိုင်ပွဲ တွေကတော့ တရားဝင်အကြောင်းပြန်စာ မရသေးပါဘူး'' ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂ဝ၁၉ အာရှ ယူ-၁၉ နှင့် ယူ-၁၆ အမျိုး သမီးပြိုင်ပွဲတို့၏ ခြေစစ်ပွဲများကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ဖူးသည်။ ၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ပထမ အဆင့်ကို သုဝဏ္ဏ အားကစားကွင်းနှင့် ဒုတိယအဆင့် ခြေစစ်ပွဲကို မန္တလာသီရိ အားကစားကွင်း၊ အာရှ ယူ-၁၆ အမျိုးသမီး ခြေစစ်ပွဲ ဒုတိယအဆင့်ကို မန္တလာသီရိ အားကစားကွင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုရဲ