မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်မြတ် ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပြုလုပ်
နေပြည်တော်၊ မေ - ၁၃
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ လောကမာရ်အောင်ဆုတောင်း ပြည့်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ အောင်ခြင်းရှစ်ပါးဓမ္မာရုံ၌ ပြုလုပ်ရာ အောင်နန်းမဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တ အာဒိစ္စ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်မှ စာချနာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ သီလာနန္ဒက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာတော်မြတ်ကို ရွတ်ဖတ်ပူ ဇော်ပြီး ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်မှ ဓမ္မာစရိယ ဘဒ္ဒန္တကဝိဓဇက ပဋ္ဌာန်းဒေသနာ တော် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ရွတ်ဖတ် ပူဇော်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က အောင်နန်းမဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပဋ္ဌာန်းပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားတင် ပြသည်။
ယင်းနောက် သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဓေသ ပါဠိတော်အား သုံးကြိမ် ရွတ်ဖတ်ဇော်၍ အလှည့်ကျ ဘာဏက သံဃာတော်က နေ့၊ ည အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်အား စတင်ရွတ်ဖတ်ပူဇော်ကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။