ကလေးချောင်းဆိုးရောဂါ

ကလေးချောင်းဆိုးရောဂါ

ကလေးတွေမှာ    ချောင်းဆိုးတာဟာ  ကလေး နေထိုင်မကောင်းတဲ့အခါ အတွေ့ရအများဆုံး လက္ခဏာပဲဖြစ်တယ်။ အချို့ချောင်းဆိုးတာတွေဟာ နားထောင်ရဆိုးပေမယ့် ချောင်းဆိုးတာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။   ကိုဗစ်ရောဂါက  ချောင်းဆိုးတာက တစ်ဆင့် ကူးစက်နိုင်တယ်ဆိုတော့ အတတ်နိုင်ဆုံး အခြားသူ မကူးစက်ရအောင် တစ်ရှူး၊ လက်ကိုင်ပဝါနဲ့အုပ်ပြီး ချောင်းဆိုးသင့်တယ်။ တစ်ရှူးစနစ်တကျ လွှင့်ပစ်သင့်တယ်။ ဘာမှမပါရင် လက်တံတောင်ကွေးမှာ ပါးစပ်အပ်ပြီး ချောင်းဆိုးစေတာက အခြားသူထံ ချောင်းဆိုးခြင်းမှ ရောဂါကူးစက်ခြင်း ကာကွယ်ပြီးဖြစ်တယ်။  

ကလေးနှာခေါင်းစည်း တပ်ထားပေးသင့်ပါတယ်။ အသံနက်နက် ချောင်းဆိုးခြင်း ရှိတတ်ပါတယ်။

သည်လိုချောင်းဆိုးသံဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောင်ရမ်းတာကြောင့် ဖြစ်လေ့ရှိတယ်။သူငယ်နာချောင်းဆိုးခြင်း၊ အသံအိုးနဲ့ လေပြွန်ရောင်ခြင်းကြောင့် ချောင်းဆိုးနိုင်တယ်။ ဓာတ်မတည့်မှု၊ ညဘက်အပူချိန်ပြောင်းမှု၊ အသက်ရှူ လမ်းကြောင်းမှ ရောဂါပိုး ဝင်ရောက်မှုတို့ကြောင့်  ရောင်ရမ်းတာဖြစ်တယ်။ ကလေးငယ်တွေရဲ့ အသက်ရှူလမ်းကြောင်းရောင်ရင် အသံအိုး ရောင်ရမ်းတတ်လို့ အသက်ရှူရ ခက်ခဲတတ်ပါတယ်။ သုံးနှစ်အောက် ကလေးတွေမှာ လေပြွန်ကျဉ်းတဲ့အတွက် သူငယ်နာချောင်းဆိုး အဖြစ်များပါတယ်။

သူငယ်နာချောင်းဆိုးခြင်းဟာ ညဘက်အိပ်နေတုန်းပဲ  ထထဆိုးချင်ဆိုးတတ်ပါတယ်။  တစ်ခါတစ်ရံ ချောင်းဆိုးတာနဲ့အတူ ကလေးငယ် အသက်ရှူလိုက်တဲ့အခါ တရွှီရွှီနဲ့ အသက်ရှူသံခပ်ပြင်းပြင်း၊  ခပ်ကျယ်ကျယ်ကြားရတတ်ပါတယ်။

တဟွတ်ဟွတ်နဲ့ အရှိန်မသေဘဲ မပြီးနိုင် မစီးနိုင် ဆိုးတတ်တဲ့ချောင်း၊ ကြက်ညှာချောင်းဆိုး ရောဂါကြောင့် ဖြစ်တဲ့ချောင်းဆိုးခြင်းဖြစ်တယ်။ ဆိုးပါများရင် အသံပျောက်သွားတယ်။ ဘော်ဒီတဲလားပတားတစ်ခေါ်တဲ့ ဗက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါအခံနဲ့ “ ရက်တစ်ရာကြက်ညှာချောင်းဆိုး”ဆိုပြီးခေါ်ရတဲ့ထိကြာတတ်တယ်။ ကြက်ညှာချောင်းဆိုး ရောဂါဖြစ်ရင် ကလေးချောင်းဆိုးတဲ့အခါ အပြင်းအထန်ဆိုးပြီး အဆက်မပြတ်နဲ့ သွားကာ ဆက်ဆိုးနေတယ်။ အခြားလက္ခဏာတွေက နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ကိုယ်အနည်းငယ် ပူခြင်းတို့ဖြစ်တယ်။

ကြက်ညှာချောင်းဆိုးဟာ ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် တစ်နှစ်အောက် ကလေးတွေ ရောဂါပြင်းထန်ပါတယ်။ ကာကွယ်ဆေးရှိပါတယ်။ မြန်မာနိုင်ငံမှာ   ကလေးဘဝ ကာကွယ်ဆေးငါးမျိုးမှာ  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးကို အသက်နှစ်လ၊ လေးလနဲ့ ခြောက်လအရွယ်မှာ ထိုးပေးလေ့ရှိတယ်။

အသက်ကိုးလနဲ့ တစ်နှစ်ခွဲ(၁၈ လ)မှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပါတယ်။

 ကြက်ညှာချောင်းဆိုးဟာ ကူးစက်လွယ်တဲ့ ရောဂါဖြစ်တယ်။ ရောဂါဖြစ်သူရဲ့ နှာခေါင်းနဲ့ပါးစပ်ကနေ နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ရယ်မောတဲ့အခါ ထွက်ရှိလာတဲ့ လေထဲက တံတွေးစက်သေးသေးက ဗက်တီးရီးယားပိုးတွေ အနီးနားရှိလူတွေထံ ရောက်ရှိသွားနိုင်ပါတယ်။ အနီးနားရှိလူတွေက တံတွေးစက် အမှုန်လေးတွေ ရှူမိတဲ့အခါ(သို့)တံတွေးစက်တွေက သူတို့လက်တွေပေါ် ကျသွားပြီး အဲဒီလက်တွေနဲ့ နှာခေါင်း၊ ပါးစပ်ထိပြီးကိုင်မိရင် ရောဂါကူးစက်သွားတတ်ပါတယ်။

ဆုံဆို့နာကြောင့် ကလေးချောင်းဆိုးနိုင်တဲ့ ဒစ်ပသီရီရာ(diptheria) ဗက်တီးရီးယားကြောင့် ဖြစ်ပွားရပါ တယ်။ လေထဲကရောဂါရှိသူရဲ့ ချောင်းဆိုးခြင်း၊ ကျယ် လောင်စွာရယ်မောခြင်း၊ စကားကျယ်ကျယ် ပြောခြင်းကနေ လေထဲအမှုန်အမွှား အဖြစ်ပါလာပြီး ကိုယ်ခံအားနုတဲ့ ကလေးတွေအဖြစ်များတာ၊ အကြောသေခြင်း၊ သေဆုံးခြင်းထိဖြစ်တတ်ပါတယ်။ ကလေးဘဝ ကာကွယ်ဆေး ပင်တာဗာလိတ် (pantavalid))မှာ   ဆုံဆို့နာ ကာကွယ်ဆေးပါဝင်တာကြောင့်   ကလေးဘဝမှာ အပြည့်အဝ ထိုးနှံပေးသင့်ပါတယ်။

တရွှီရွှီဖြစ်တဲ့ ရင်ကျပ်သံနဲ့ တွဲတဲ့ချောင်းဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာဟာ ကိုယ့်ကလေး အသက်ရှူထုတ်လိုက်တဲ့အခါ တရွှီရွှီမြည်တဲ့ ရင်ကျပ်သံနဲ့တွဲပြီး တွေ့ရရင် ကလေးရဲ့အသက်ရှူ လမ်းကြောင်းအောက်ဘက်ဟာ ရောင်ရမ်းနေပြီဆိုတဲ့ လက္ခဏာပဲဖြစ်တယ်။

ငယ်ရွယ်တဲ့ကလေးတွေမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်းမှာ ပြင်ပပစ္စည်း (သို့) အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကြောင့်  ထွက်ရှိလာတဲ့ အကျိအချွဲပိတ်ဆို့တာကြောင့်လည်း    ဖြစ်နိုင်ပါတယ်။

ညဘက်မှာဆိုးတဲ့ ချောင်းဖြစ်နိုင်ပါတယ်။ ချောင်းအများစုမှာ ညဘက်ပိုဆိုးတတ်တယ်။ ကလေးငယ်ရဲ့နှာခေါင်းထဲက  အချွဲတွေ ညဘက်အိပ်တဲ့အခါ လည်ချောင်းထဲ လျှောဆင်းသွားလို့ ယားယံကာ ချောင်းဆိုးတာဖြစ်တယ်။  ညဘက်တွေမှာ ကလေးအိပ်မရတာ ပါပါတယ်။ ပန်းနာရင်ကျပ်ရောဂါကြောင့် ညဘက် ချောင်းဆိုးတတ်ပါတယ်။ ညဘက်မှာ အသက်ရှူလမ်းကြောင်းဟာ    ပိုပြီးထိခိုက် ခံစားလွယ်နိုင်ပါတယ်။

အဆုတ်တီဘီရောဂါဟာ  ညဘက်ပိုပြီး ချောင်းဆိုးတယ်။

နေ့ဘက်မှာဆိုးတဲ့ချောင်းက ဓာတ်မတည့်တာ၊ အအေးမိတာ၊ ရင်ကျပ်နဲ့အခြား အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေဟာ နေ့ဘက်မှာ ဆိုးတဲ့ချောင်းတွေရဲ့ အဓိက အကြောင်းအရာပဲဖြစ်တယ်။ အေးတဲ့လေကြောင့် ချောင်းပိုဆိုးနိုင်သလို ညဘက်မှလည်း ဆိုးတတ်ပါတယ်။ ဓာတ်မတည့်တာဖြစ်စေနိုင်တဲ့ စပရေးရေမွှေး၊ အိမ်မွေးတိရစ္ဆာန်၊ ဆေးလိပ်မီးခိုးနဲ့လေသန့်မဝင်စေတဲ့ အီးစီးကရက်စတာတွေ အိမ်ထဲမရှိအောင် သတိပြုသင့်တယ်။

ဖျားပြီဆို ချောင်းဆိုးဖြစ်နိုင်ပါတယ်။ ကိုယ့်ကလေးဟာ ချောင်းဆိုးမယ်၊ နှာစေးမယ်၊ ကိုယ်ငွေ့ပူမယ်ဆိုရင် သူဟာ အအေးမိလို့ဖြစ်နိုင်ပါတယ်။ အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက် အထက်ဆိုရင် နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်နိုင်ပါတယ်။ အသက်ရှူနှုန်း မြန်နေတတ်တယ်။  ဆရာဝန်နဲ့ပြသသင့်ပါတယ်။   တစ်ခါတစ်ရံ ကလေးတွေမှာ ချောင်းအရမ်းဆိုးတဲ့အခါ ပျို့အန်တာဖြစ်စေတဲ့ အလိုအလျောက်တုံ့ပြန်မှုကို သွားလှုံ့ဆော်သလိုဖြစ်တဲ့အတွက် ကလေးဟာ စားပြီးအစာတွေ ပြန်အန်ထွက်တာမျိုး ဖြစ်တတ်တယ်။  ပျို့အန်တာ အကြာကြီးဖြစ်မနေရင် စိုးရိမ်ရတဲ့အခြေအနေမဟုတ် ပါဘူး။ ကလေးဟာ အအေးမိလို့ ချောင်းဆိုးနေရင် (သို့)ပန်းနာရင်ကျပ်ဖြစ်နေရင် အချွဲများ အစာအိမ်ထဲ ရောက်သွားတဲ့အတွက်  ပျို့အန်တာလည်း ဖြစ်နိုင်ပါ တယ်။

ကာလကြာဆိုးတဲ့ ချောင်းဖြစ်နိုင်ပါတယ်။ အအေးမိတာကြောင့် ဆိုးတဲ့ချောင်းဟာ ရက်ပေါင်းအနည်းငယ် ကြာလာပေမယ့် ကလေးဟာ ထပ်ခါထပ်ခါ အအေးမိနေရင်   သီတင်းပတ်နဲ့ချီပြီးသွားနိုင်တယ်။   တီဘီအဆုတ်ရောဂါကြောင့်လည်း ကာလရှည် ချောင်းဆိုး တတ်တယ်။ ချောင်းဆိုးတာ တော်ရုံမပျောက်ဘဲ သုံးပတ်ကျော်ရင် မိသားစု ဆရာဝန်ပြသင့်တယ်။

ကလေးချောင်းဆိုးတာဟာ  မစိုးရိမ်ရပေမယ့် အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူနှုန်းပုံမှန်ထက်မြန်ခြင်း၊ နှုတ်ခမ်း၊ မျက်နှာနဲ့လျှာတွေ ပြာနှမ်းနေခြင်း၊ ကိုယ်အပူချိန်များခြင်း၊ သုံးနှစ်အောက် ငယ်တဲ့ကလေးတွေ ဘယ်လိုပဲဖျားဖျား ဆရာဝန်နဲ့ပြသင့်ပါတယ်။ သုံးလနဲ့အောက်ကလေးတွေ အချိန်အတော်ကြာချောင်းဆိုးနေတာ၊ ချောင်းဆိုးပြီး အသက်ရှူတဲ့ အခါတဟွတ်ဟွတ်နဲ့ အဆက်မပြတ်ဆိုးနေတာ၊ ချောင်းဆိုးသွေးပါတာ၊ အသက်ရှူသွင်းလိုက်ရင် တရွှီရွှီမြည်တာ၊ အသက်ရှူထုတ်လိုက်တဲ့အခါ ရင်ကျပ်သံကြားရတာ၊ ကလေးနုံးချည့်နေတာ (သို့)ဂနာမငြိမ်ဖြစ်နေရင် ကလေးအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါကာလမှာ ကလေးတွေလည်း ရောဂါဖြစ်တဲ့သူကတစ်ဆင့် ကူးစက်နိုင်လို့ ကလေးကာကွယ်ဆေးမီရင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံထားသင့်တယ်။ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ပွတ်တိုက်ဆေးကြောခြင်း၊ ၆ ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေကောင်းလေသန့် ရရှိစေခြင်းတို့ လိုအပ်မှာ  ဖြစ်ပါတယ်။    ။

ဒေါက်တာလွင်သန့်