မန်ယူအသင်းက ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်းကို ခေါ်ယူရန် နီးစပ်နေပြီး ပြောင်းရွှေ့ကြေးကို ယူရို သန်း ၇၀ အထိ ပေးချေရဖွယ်ရှိနေ
မန်ယူအသင်းက ဘာစီလိုနာအသင်းမှ ကွင်းလယ် ကစားသမား ဒီဂျောင်းကိုခေါ်ယူရန် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက တရားဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ဖြင့် အပြောင်းအရွှေ့ ပြီးမြောက်ရန် နီးစပ်နေကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် ဒီဂျောင်းသည် ၂၀၁၉ ခုနှစ်က အေဂျက်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်စာချုပ် သက်တမ်း ကျန်ရှိနေသေးသော်လည်း ဘာစီလိုနာ အသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ဒီဂျောင်းကို နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ရောင်းချရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
ယခုဘောလုံးရာသီအကုန်တွင် မန်ယူအသင်း နည်းပြသစ်အဖြစ် စတင်တာဝန်ယူ ကိုင်တွယ်မည့် နည်းပြသစ် တန်ဟတ်ကလည်း လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကွင်း လယ်ပိုင်းကို အဓိကထား ပြင်ဆင်နေသည့်အတွက် အေဂျက်အသင်းတွင် လက်တွဲခဲ့ဖူးသည့် ဒီဂျောင်းကို ခေါ်ယူပေးရန် မန်ယူအသင်းထံ တောင်းဆိုထားခြင်း ဖြစ်သည်။
နည်းပြတန်ဟတ်က အသင်းကွင်းလယ်ပိုင်းတွင် မာတစ်နှင့်ပေါ့ဂ်ဘာတို့ အသင်းမှ ထွက်ခွာမည်ဖြစ်သကဲ့သို့ တွမ်မီနေးနှင့် ဖရက်ဒ်တို့သည်လည်း ခြေစွမ်း ပိုင်းတည်ငြိမ်မှု မရှိသည့်အတွက် ဒီဂျောင်းကို ခေါ်ယူလိုခြင်းဖြစ်ပြီး ဒီဂျောင်းကလည်း နည်းပြတန်ဟတ်ကြောင့် မန်ယူအသင်းကို ပြောင်းရွှေ့ကစားလိုခြင်း ဖြစ်ကြောင်း သိရသည်။