(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသတင်းများ

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာက ကာယဗလကာယ အလှအားကစားနည်းမှ ရွှေတစ်ခု၊ ငွေနှစ်ခု၊ ဝူရှူး(ထောက်လု) အားကစားနည်းမှ ငွေတစ်ခု၊ လှေလှော်အားကစားနည်းမှ ကြေးနှစ်ခုထပ်မံဆွတ်ခူး ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအားကစားနည်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာမေ ၁၄ ရက်တွင်  ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ဂေါက်သီး၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ စစ်တုရင်၊လှေလှော်၊ ဝူရှူး၊ ကာယဗလကာယအလှနှင့် ဖူဆယ် ပြိုင်ပွဲ တို့ကို ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲများအနက်မှ Cau Giay Gymnasium ၌ ကျင်းပလျက်ရှိသော ကာယဗလကာယအလှအားကစားပြိုင်ပွဲ (+70)kg တွင် ရဲထွန်းနောင်က ပထမဆုရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန်ဖြင့်ဆွတ်ခူးရရှိပြီး (+80) kg တွင် မင်းဇော်ဦးနှင့် (+85)kg တွင် ခင်မောင်ကျော်တို့ကဒုတိယဆု ငွေတံဆိပ်တစ်ခုစီကိုလည်းကောင်း၊ Trinh Hoai Duc Gymnasium ၌ ကျင်းပလျက်ရှိသော ဝူရှူး(ထောက်လု) အားကစားနည်းမှ အမျိုးသမီးတစ်ဦးချင်း(ချန်းစု)ပြိုင်ပွဲတွင်  စန္ဒီဦးက  ဒုတိယဆုငွေတံဆိပ်ကိုလည်းကောင်း၊ Hai Phong ၌ ကျင်းပလျက်ရှိသော အနောက်တိုင်း လှေလှော်ပြိုင်ပွဲအမျိုးသမီး(၂)တက်လှော်ပြိုင်ပွဲတွင် နီလာဝင်းနှင့် ရွှေစင်လတ်၊ အမျိုးသမီး(၄)  တက်လှော်ပြိုင်ပွဲတွင်  အိဖြူ၊စန္ဒာရွှေ၊ ချစ်ဖူးငုံနှင့် ဝင်းသူဇာသိန်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြရာ တတိယဆုကြေး တံဆိပ်တစ်ခုစီကို လည်းကောင်း ဆုများအသီးသီးရရှိကြသည်။

အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်သူနည်းပြများ၊ မြန်မာ အားကစား အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြကြောင်း  သိရသည်။

ကျော်လွင်