ညောင်ရေသွန်းချိန်ခါ ကဆုန်လပြည့်မဟာ

မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ကဆုန်လသည်ဒုတိယမြောက်လဖြစ်သည်။ ကဆုန်လသည် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဗုဒ္ဓသာသနာနှင့် သက်ဆိုင်သည့် လမြတ်မဟာဖြစ်သည်။ ပို၍ထူးခြားသည်မှာ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” အဖြစ် အထူးပြု သတ်မှတ်ခြင်း ဖြစ်သည်။ ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားထံမှ ဤဘဒ္ဒကမ္ဘာတွင် ဘုရားဖြစ် မည်ဟု နိယတဗျာဒိတ် ခံယူတော်မူသည့်နေ့သည် ကဆုန်လပြည့်နေ့ဖြစ်ခြင်း၊ မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်နေ့တွင် ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၀၃ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော် ရရှိကာ ဘုရားအဖြစ်သို့ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူခြင်းတို့ကို ဝိသေသထူးအဖြစ်ခံယူလျက် “ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ”ဟု စာပန်းချီခြယ်သခဲ့ပေ သည်။

ကဆုန်လသည် နွေလဖြစ်သည့်အားလျော်စွာ ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်းရေအိုင်တို့ ရေခန်း ရေပြတ်သည့်လဖြစ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ကဆုန်လကို ကုဆုန်ဟုအရေးများသည်။ ကုဆုန်မှ ကဆုန်သို့ရွေ့လျောလာခြင်းဖြစ်ပြီး ကုသည်ရေ၊ ဆုန်သည် သွန်းလောင်းခြင်းဖြစ်၍ ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟု အနက်ကောက်ယူ၍ရသည်။ ကဆုန်လသည် ပြိဿရာသီ၊ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောလဖြစ်သည်။ ထို့ကြောင့် ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို “ဝိသာခါ”၊ ယင်းမှဆင်းသက်လာသော ကဆုန်လပြည့်နေ့ကို “ဝိသာခါနေ့” ဟု ခေါ်ကြသည်။ ဤလ၏တာရာမှာ ဆင်တာရာ၊ ရာသီရုပ်မှာ နွားထီးရုပ်ပုံသဏ္ဌာန်၊ ရာသီပန်းမှာ စံကားဝါပန်းဖြစ်သည်။

ကဆုန်လပြိဿရာသီတွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်။ ဤပွဲတော်ကား ရေပြတ်၍ ခြောက်သွေ့နေသော ဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်သောပွဲတော် ဖြစ်သည်။ ဗောဓိပင်အား ညောင်ရေသွန်း လောင်းခြင်း သည် မြတ်စွာဘုရားဟောကြားတော်မူသည့် သံဝေဇနိယလေးဌာနနှင့် သက်ဆိုင်သည်။ သံဝေဇနိယ လေးဌာနမှာ ရှင်တော်မြတ် ဘုရားဖွားမြင်ရာဖြစ်သော လုမ္ဗိနီဥယျာဉ်၊ ဘုရားအဖြစ်သို့ရောက်တော်မူသောမဟာဗောဓိညောင်ပင်၊ ဓမ္မစကြာတရားဦး ဟောကြား တော်မူသော မိဂဒါဝုန်တောနှင့် ပရိနိဗ္ဗာန်ပြုသောကုသိနာရုံတို့ဖြစ်သည်။ ထိုလေးဌာနသည် သဒ္ဓါရွှင်ကြည် ဖူးမြော်ထိုက်သော၊ သံဝေဂရစေနိုင်သော ဌာနများဟု မြတ်ဘုရားဟောကြားတော်မူသည်။ ထိုသို့ဟောကြားချက်ကို နာယူလျက် ကဆုန်လရေခန်း ခြောက်ချိန်တွင် ဘုရားပွင့်တော်မူရာ ဗောဓိပင်အားကြည်ညိုသဒ္ဓါပွားများမှုကိုဦးတည်လျက် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်း လောင်းပူဇော်ကြသည်။

မဟာဗောဓိညောင်ပင်နှင့်စပ်လျဉ်း၍ မြတ်စွာ ဘုရားဟောကြားတော်မူသော အချက်တစ်ချက်ရှိ သေးသည်။ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အနာထပိဏ် သူဌေးကြီးက ရှင်အာနန္ဒာမထေရ်မြတ်မှ တစ်ဆင့် ဘုရားရှင်သို့ လျှောက်ထားစေသည်မှာ “ဘုရားရှင် အား ကြည်ညို၍လာရောက်ဖူးမြော်ကြသည့်ပုဂ္ဂိုလ်များ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင်မရှိခိုက်နှင့်ကြုံလျှင် မည်သည်ကို ပူဇော်ကြည်ညိုနိုင်ကြောင်း” လျှောက်ထားခြင်းဖြစ်သည်။ ထိုအခါ ဘုရားရှင်က “ငါဘုရား ရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ဓာတ်တော်ရတနာများဖြစ်သော သာရီရိကစေတီ၊ သပိတ်၊ သင်္ကန်း စသည့် အသုံးအဆောင်များ ဖြစ်သော ပရိဘောဂစေတီ၊ ဘုရားရှင်အား ရည်မှတ်သွန်းထုထားသော ဥဒ္ဒိဿစေတီများအား ကိုးကွယ်နိုင်ကြပေသည်။ ဘုရားရှင် သစ္စာတရားလေးပါးကို ပိုင်းခြားသိမြင်တော်မူသော မဟာဗောဓိညောင်ပင်သည်လည်း စေတီမည်၍ ဖူးမြော်ကိုးကွယ် ပူဇော်နိုင်ကြ သည်” ဟု မိန့်ကြားတော်မူသည်။ ထိုဟောကြားချက်အရ ဗောဓိညောင်ပင်အား ဘုရားရှင်ကိုယ်စား ပူဇော်ကြပြီး ညောင်ရေသွန်းကာ သဒ္ဓါတရားကို ပြဆိုသည်။ ထိုမှတစ်ဆင့် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓသာသနာစတင် ရောက်ရှိလာသည့် အချိန်မှစ၍ ယနေ့အထိ ရှင်သန်လျက်ရှိကြောင်းမှတ်ယူရသည်။

ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းသည် မြန်မာတို့၏ယဉ်ကျေးမှုဓလေ့အစဉ်အလာ၊ မြန်မာ့ နည်းမြန်မာ့ဟန် ပွဲတော်တစ်ရပ်ဟုဆိုနိုင်သည်။ ညောင်ရေသွန်းဓလေ့သည် မဇ္ဈိမဒေသနှင့် သီဟိုဠ်တို့တွင် ရှေးကလည်း မရှိခဲ့။ ယနေ့တိုင်လည်းမရှိချေ။ မြန်မာတို့တွင်သာရှိ၍ မြန်မာ့ပွဲတော်စစ်စစ်ဟု သတ်မှတ်ရပေမည်။ ကဆုန်လပြည့်နေ့တွင် ရေအိုးကိုယ်စီ ရွက်၍လည်းကောင်း၊ တချို့မှာ ဆိုင်းထမ်းများထမ်း၍ လည်းကောင်း ဗောဓိညောင်ပင်ရှိရာသို့သွား၍ ရေစင်သွန်းလောင်းကြသည်မှာ ယဉ်ကျေးသိမ်မွေ့ကျက်သရေပြည့်ဝလှသော မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာအသွင်သဏ္ဌာန်ပင်ဖြစ်သည်။

ညောင်ရေသွန်းပွဲတော်များကို ပုဂံ၊ ပင်းယ၊ အင်းဝခေတ်ကပင် ဆင်နွှဲခဲ့ကြောင်း အထောက်အထားများအရ သိရသည်။ ခေတ်အဆက် ဆက်တွင်လည်း ရှေးစာဆိုများက ညောင်ရေသွန်းလောင်းပုံများကိုစာပေဖြင့် မှတ်တမ်းပြုခဲ့ကြသည်။ ပုဂံခေတ် သက္ကရာဇ် ၅၆၃ ခု သြင်္ဂီး-----ညောင်အုပ်ကျောက်စာ၊ သက္ကရာဇ်၆၅၃ ခုနှစ် စောလှဝန်းဘုရားကျောက်စာတို့တွင် ညောင်ရေသွန်းခြင်းများ ရေးထိုးပါရှိပြီး ပင်းယခေတ်တွင် ရေးသားသည့် ပြည်မင်းမျက်နှာရှည်ကာချင်းတွင်-

“စံကားဝတ်စုံမြေ၊ သွန်းညောင်ရေထုံး လေတန့်စကူး၊ နွေလဆန်း၊ ဆန်းလဦး၊ ဝတ်ဆံရွှေသား၊ စံကားပွင့်လှဦး” ဟူ၍ ရေးထိုး ထားကြောင်းတွေ့ရသည်။ ကုန်းဘောင်ခေတ်သို့ရောက်သော် စာဆိုတော်လက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေချီရတုတွင်-  “ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” ဟု ထည့်သွင်းဖွဲ့ဆိုခဲ့သည်။

မြန်မာတို့သည် မဟာဗောဓိညောင်ပင်ကို ပရိ ဘောဂစေတီအဖြစ် ထည့်သွင်းသတ်မှတ်ပူဇော်ကြသည်။ မြတ်စွာဘုရားပွင့်တော်မူရာ မြင့်မြတ်သောသစ်ပင်အဖြစ် အလေးအမြတ်ထားခြင်းဖြစ်သည်။ ညောင်ရေသွန်းလောင်းခြင်းသည် ပရိဘောဂစေတီအား ရေသပ္ပာယ် ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရည်စူးပူဇော်ခြင်းပင်ဖြစ်သည်။ နိုင်ငံအနှံ့အပြား ဘုရား ကျောင်းကန်များ၌ စိုက်ပျိုးထားသော ဗောဓိ ညောင်ပင်များသည် ခေတ်အဆက်ဆက်ကပင် ဗုဒ္ဓဂယာနှင့် သီရိလင်္ကာတို့မှ ယူဆောင်လာသည့် မျိုးစေ့များ၊ အပင်များပင်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် အစောဆုံးဗောဓိညောင်ပင်ကိုအေဒီ ၁၀၄၄ ခုနှစ်တွင်နန်းတက်သော အနော်ရထာမင်းမြတ်က စိုက်ပျိုးသည်။ မထေရ်မြတ် ရှင်အရဟံနှင့်အတူ ပင်းယမြို့သို့သွားရောက်ပြီး ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခြင်း အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခြင်း ဖြစ်သည်။ ပုဂံခေတ်မှာပင် အေဒီ ၁၁၇၃ တွင်နန်းတက်သော နရပတိစည်သူမင်းသည် ဆရာတော်အရှင် ကဿပ မထေရ်မြတ် သီရိလင်္ကာမှယူဆောင်လာသော  မဟာဗောဓိညောင်မျိုးစေ့ကိုလက်ခံပြီးစိုက်ပျိုးသည်။ ပင်းယခေတ်ဥဇနာမင်းသည် အေဒီ ၁၃၄၀ ပြည့်နှစ်တွင် မဟာဗောဓိညောင်ပင်စိုက်ပျိုးခဲ့ပြီး အင်းဝခေတ်နရပတိဘုရင်သည် အေဒီ ၁၄၄၂ ခုတွင်လည်းကောင်း၊ မဟာသီဟသူရသည် အေဒီ ၁၄၆၈ တွင်လည်းကောင်း သီရိလင်္ကာမှရရှိခဲ့သော မဟာဗောဓိညောင်ပင်ပျိုများကို စိုက်ပျိုးခဲ့သည်။

ဓမ္မစေတီမင်းလက်ထက်တွင် သီရိလင်္ကာမှရရှိသော မဟာဗောဓိညောင်ပင်မျိုးစေ့များကို ရွှေတိဂုံစေတီတော် အနောက်မြောက် ဘက်တွင် စိုက်ပျိုးခဲ့သည်။ ထိုနေရာကို ယနေ့အချိန်ထိ ဗောဓိကုန်းဟုခေါ်တွင်သည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားသည် မင်းကွန်း ဘုရားကြီး၏ ပရိဝုဏ်အတွင်း၌  ဗုဒ္ဓဂယာမှရရှိသောမဟာဗောဓိညောင်ပင်ပျိုနှစ်ပင်ကို အခမ်းအနားဖြင့် စိုက်ပျိုးတော်မူ သည်။ ရတနာပုံခေတ် မင်းတုန်းမင်းတရားကြီးလက်ထက် အေဒီ ၁၈၆၀ ခုနှစ်တွင် သီရိလင်္ကာမှရရှိသော   မဟာဗောဓိပင်ပျိုများကို မန္တလေးနန်းတော် တောင်ဘက်ယခုဗောဓိကုန်းဟု ခေါ်တွင်ရာနေရာတွင် စိုက်ပျိုးသလို ကျောက်တော်ကြီးဘုရား၏ ထောင့်လေး ထောင့်တွင်လည်း စိုက်ပျိုးခဲ့သည်။

မြန်မာနိုင်ငံတွင် ဗောဓိညောင်ပင်စိုက်ပျိုးသောဓလေ့မှာ မျက်မှောက်ခေတ်အထိ ဆက်လက်ရှင်သန်ဆဲဖြစ်သည်။ ရွှေတိဂုံစေတီတော် အနောက်မြောက် ထောင့်တွင်ရှိသော ဗောဓိညောင်ပင်ကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ယင်းဗောဓိပင်တစ်ဝိုက်တွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ၁၉၀၅ ခုနှစ်ခန့်က စိုက်ပျိုးခဲ့သော ဗောဓိပင်ရှိသည်။ ထိုညောင်ပင်ကို မက်ဒက်ဆရာတော် ဗောဓိညောင်ပင်ဟုခေါ်ဝေါ်ပြီး ကဆုန်လပြည့်နေ့ရောက်တိုင်း ညောင်ရေ သွန်း လောင်းကြသည်။ ကမ္ဘာအေးသီရိလင်္ကာဗောဓိပင်၊မဟာဝိဇယစေတီနှင့် ရွှေတိဂုံကုန်းတော်ရှိ လွတ်လပ်ရေးဗောဓိပင်တို့မှာ ထင်ရှားသည့် ဗောဓိပင်များဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီးတွင် ဗောဓိပင်ပျို ၁၀၀၀ စိုက်ပျိုးရာမှ ထိုနေရာအား ဗောဓိတစ်ထောင်ဟု ယနေ့အထိ အမည်တွင်ထင်ရှား ကျော်ကြားလျက်ရှိသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရရှိခဲ့သည့်နေရာဖြစ်သော မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းကာ ကုသိုလ်ယူရင်း ကဆုန်လပြည့်နေ့သည် ဘုရားလောင်းဖွားမြင်တော်မူသောနေ့၊ ဘုရားရှင် ပွင့်တော်မူသည့်နေ့၊ ဘုရားပရိနိဗ္ဗာန်စံသောနေ့အဖြစ် အောက်မေ့သတိရကာ ဓမ္မသံဝေဂရယူကြသည်။ ဤနေ့မှာပင် ဗုဒ္ဓဘုရားသည် သင်္ခါရတရားတို့၏ ပျက်စီးခြင်းသဘောကို မမေ့မလျော့မပေါ့မဆသတိဖြင့် ရှုမြင်ကြရန်ဟောကြားကာ နောက်ဆုံး တရားမြွက်ကြားတော်မူခဲ့သည်ကို အမှတ်ရလျက် ဘဝတစ်သက်တာအတွက် တန်ဖိုးမြှင့်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ရပါသည်။   ။

လင်းအရုဏ်ဦး(ပဲခူး)