ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မေ ၁၅
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကျောင်းစုကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ကောလိပ်ကုက္ကို ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော် ရိပ်သာပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ချမ်းသာရပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ မဏိဇောတကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။