ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ စုဒ္ဒသမကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် ရေစက်ချ မင်္ဂလာ ပြုလုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ စုဒ္ဒသမကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် ရေစက်ချ မင်္ဂလာ ပြုလုပ်

နေပြည်တော်၊ မေ- ၁၅

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စုဒ္ဒသမကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူတော် ရေစက်ချ မင်္ဂလာကို မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနော်ရထာ ခန်းမ၌ ပြုလုပ်ရာ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေတို့အား သီရိမင်္ဂလာကမ္ဘာအေး စေတီတော်အတွင်း လှည့်လည်ကြပြီး သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဆံချမင်္ဂလာပြုလုပ်ပေးသည်။ ထို့နောက် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်ဆရာကြီးများက ရဟန်းလောင်း ၆ ပါး၊ ရှင်သာမဏေ ၄၁ ပါးနှင့် သီလရှင် ၁၄ ပါးတို့ကို ရဟန်းဘောင်၊ ရှင်သာမဏေ၊ သီလရှင်အဖြစ်သို့ သွတ်သွင်းပေးပြီး တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များနှင့် ရှင်သာမဏေ များအား သိမ်ဆင်းလောင်းလှူကြသည်။

၎င်းနောက် အလှူတော်ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ အလှူရှင်များက မှော်ဘီမြို့နယ်၊ မဟာမြိုင်သဲဖြူတောရ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မဟာမြိုင်သဲဖြူတောရကျောင်းတိုက် ဆရာတော်က သာသနာ့ ဘောင်သို့ ဝင်ရောက်ပြီးဖြစ်သော ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား သမ္မောဒနီယဩဝါဒကထာမြတ်ကြားတော်မူပြီး တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မဟာမြိုင်သဲဖြူတောရကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။