ရွှေပြည်တော်မျှော်တိုင်း မဝေးဖို့ သမိုင်းပေး ပြည်ထောင်စု စိတ်ဓာတ်များဖြင့် တည်ဆောက်ရမည့် အနာဂတ် နိုင်ငံတော်

ရွှေပြည်တော်မျှော်တိုင်း မဝေးဖို့ သမိုင်းပေး ပြည်ထောင်စု စိတ်ဓာတ်များဖြင့် တည်ဆောက်ရမည့် အနာဂတ် နိုင်ငံတော်

    လာမည့် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စိန်ရတု လွတ်လပ်ရေး ကာလကိုရောက်ရှိပေတော့မည်။ တကယ်တော့ (၇၅) နှစ် စိန်ရတုတည်းဟူသော ကာလတစ်ခုသည် နည်းလှသော သက်တမ်းတစ်ခုတော့ မဟုတ်ပေ။  နယ်ချဲ့တို့ အုပ်စိုးမှုအောက်၌ နေခဲ့ရစဉ် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရင်း ကိုယ်နှင့်စိတ်များ ထွက်ပေါက် မရသည်အထိ တိုင်းရင်းသားပြည်သူတို့ မွန်းကျပ်ခဲ့ရသည်။ ကိုယ့်မြေကိုယ့်ရေပေါ်မှာ နေပါလျက် အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊အနေဆင်းရဲခြင်း မျိုးစုံဖြင့် ဆင်းရဲမှု အပေါင်း သရဖူဆောင်းသည်အထိ ဖြစ်ခဲ့ရသည်။ ထိုဆင်းရဲမှုမျိုးစုံမှ လွတ်ကင်းရန်အတွက် လွတ်လပ်ရေးကြီး ပြန်လည်ရရှိအောင် တက်ကုန်ရွက်စုံ လွှင့်ပြီး နည်းလမ်းရှာဖွေ ကြိုးစားခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှများ အနေဖြင့် လွတ်လပ်ရေး ပေးချိန်တွင်လည်း တောင်တန်းနှင့်ပြည်မ ခွဲခြားပေးလိုခဲ့ကြ၏။ သို့သော် တောင်တန်းဒေသမှ စော်ဘွားများက လက်မခံခဲ့ကြပေ။ ပေးဆပ်မှုများနှင့် ထိုက်တန်စွာ လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့သော်လည်း နယ်ချဲ့တို့၏ စနစ်ကျကျ ယုတ်မာမှု လှည့်ကွက်အောက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းဟူသောချိန်ကိုက်ဗုံးကြီးက ကျန်ရစ်ခဲ့ရသည်။ အထူးသဖြင့် တောင်တန်းပြည်မ ခွဲခြားဆက်ဆံမှုကို ရေရှည်ခိုင်မြဲအောင် အသက်သွင်းပေး ခဲ့ခြင်းပင်ဖြစ်၏။

နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် ရှမ်းစော်ဘွားပိုင် နယ်ပေါင်း ၃၂ နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ်ဟု ခေါ်တွင်စေလျက် ပြည်မအစိုးရ အုပ်ချုပ်မှုအောက်တွင် မထားဘဲ ဘုရင်ခံက ကော်မရှင်နာမင်းကြီးမှ တစ်ဆင့် သီးခြားအုပ်ချုပ်ခဲ့ခြင်းဖြစ်၏။ လွတ်လပ်ရေးရသည့်တိုင် ထိုခေတ်အခါက ရှမ်းပြည်နယ်သည် နယ်ချဲ့တို့ ဖန်တီးခဲ့သည့်အတိုင်း ပဒေသရာဇ်စနစ်ကို  စွန့်လွှတ်ခြင်း မရှိသေးဘဲ  ထုံးတမ်းစဉ်လာ ဓလေ့များဖြင့် စော်ဘွားများ၏  ဦးဆောင်မှုနှင့်အတူ အုပ်စိုးမှုပြုခဲ့ကြသည်။ ၁၉၅၉ ခုနှစ် မတ်လ ၉ ရက်တွင်ကျင်းပသော ရှမ်းပြည်နယ် ကောင်စီအရေးပေါ် ညီလာခံတွင်  မိုင်းရှူး စော်ဘွားကြီး စဝ်ဖန်ဖက စော်ဘွားများ အာဏာစွန့်မည့် အစီအစဉ်ကို အဆိုတစ်ရပ် အဖြစ် တင်သွင်းခဲ့ရာ အတည်ပြုခြင်း ခံခဲ့ရပြီး ပြည်ထောင်စု အစိုးရမှလည်း တစ်လုံးတစ်ခဲတည်းသော ပင်စင်များ ခံစားခွင့်ပေးခဲ့ပါသည်။ ရှမ်းစော်ဘွားများ အနေဖြင့် သူတို့၏အုပ်ချုပ်မှု အာဏာကို စွန့်လွှတ်ခဲ့ခြင်းမှာ နိုင်ငံတော်၏ လိုလားချက်နှင့် ရှမ်းပြည်သူ အများစု၏ လိုလားချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အပြင်  နောက်တစ်ချက်အနေဖြင့် တိုးတက်လာသော ခေတ်စနစ်အမြင်များနှင့်အညီ မိမိတို့ ရှေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည့် အိန္ဒိယနိုင်ငံမှ မဟာရာဇာစော်ဘွားကြီးများ၏ လမ်းစဉ်ကို အတုယူခဲ့ခြင်း ဖြစ်ပါသည်။

၁၉၅၉ ခုနှစ်  ဧပြီ   ၂၉ ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချပွဲကျင်းပခဲ့ပြီး ထိုနေ့သည် ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး ရှမ်းပြည်သူတို့လက်သို့  အုပ်ချုပ်ရေး အာဏာများ စတင်ရောက်ရှိသောနေ့ ဖြစ်ခဲ့ပါသည်။

ရှမ်းပြည်နယ်ရှိ နယ်ရှင်စော်ဘွားများ (စဝ်ဖလုံ)များသည် ထုံးတမ်းစဉ်လာ မျိုးရိုး အရိုက်အရာများအတိုင်း မိမိတို့နယ်များအတွင်း အရပ်ရပ်စီရင် အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှု အာဏာ၊ အခွန်တော်ခန့်ခွဲ ကောက်ခံမှု အာဏာစသည်ဖြင့် ကျယ်ပြန့်သော အာဏာများနှင့် ခံစားအုပ်ချုပ်လာခဲ့ သည်ဖြစ်ရာ အာဏာစွန့်ရန်အတွက် မနည်းကြိုးစားခဲ့ကြရပါသည်။ သို့သော်ငြား နိုင်ငံတော်နှင့် ပြည်သူတို့၏ လိုလားချက်အတိုင်း ခေတ်စနစ်နှင့် လျော်ညီသည့် ပြည်သူ့အုပ်ချုပ်ရေးအား သဘောထားကြီးစွာ ပြောင်းလဲလက်ခံခဲ့သည့် အတွက် ရှမ်းပြည်နယ် အတွက်သာမက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွက်ပါ  အကျိုးရှိစေခဲ့ပါသည်။ ထိုနေ့က အခမ်းအနား၌ ဗိုလ်ချုပ်ကြီးနေဝင်း  ပြောကြားခဲ့သည့် မိန့်ခွန်းကို ကောက်နုတ် တင်ပြလိုပါသေးသည်။           “လွတ်လပ်ရေး ခေတ်ကြိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းတို့အဖို့ ပြဿနာ အမျိုးမျိုးရှိတဲ့အထဲမှာ အခက်ဆုံးပြဿနာ တစ်ခုပေါ်ပေါက်ခဲ့တယ်။ အင်္ဂလိပ်အစိုးရ အနေနှင့် ဗမာပြည်ကို လွတ်လပ်ရေး ပေးရသည့်တိုင်အောင်  အရင်အခေါ် တောင်တန်းဒေသ ယခုအခေါ် ပြည်နယ်တွေကို ပြည်မမှခွဲထုတ်ပြီး တတ်နိုင်လျှင် အရင်ကအတိုင်း ဆက်လက် အုပ်စိုးရန်နှင့် ထိုသို့မဖြစ်နိုင်မှ ဓနသဟာယ အဖွဲ့အစည်း

အတွင်းမှာနေဖို့  အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ပြည်နယ်သားတွေရဲ့ ရိုးသားမှု၊ အတွေ့အကြုံနည်းမှု၊ အတွေးအခေါ်နောက်ကျမှုတို့ကို အခွင့်အရေးယူပြီး အမျိုးမျိုး ကုန်းချောခဲ့ကြတဲ့အတွက် ပြည်နယ်သားတွေအနေနဲ့ ပြည်မက ဗမာများအပေါ် မယုံသင်္ကာဖြစ်ခဲ့ကြပါတယ်။ ထိုအယုံအကြည်ကင်းမှု ပပျောက်အောင် ဗိုလ်ချုပ်အောင်ဆန်းတို့ အနေနှင့်   အမျိုးမျိုး ကြံဆောင်ခဲ့ရပါတယ်။

ထိုကြိုးစားချက် ထမြောက်အောင် စော်ဘွားကြီးများရဲ့ဆန္ဒကိုလိုက်လျောကာ စော်ဘွားအုပ်ချုပ်မှုကို ဆက်လက်ကျင့်သုံး စေခဲ့ပါတယ်။  စော်ဘွားကြီးများအတွက် အထူးအခွင့်အရေး ဖြစ်စေမယ့် ပုဒ်မများကိုလည်း ထည့်သွင်းခဲ့ရပါတယ်။ စော်ဘွားအုပ်ချုပ်မှုရဲ့ အပြစ်အနာအဆာ၊ စော်ဘွားအချို့ရဲ့ အတွေးအခေါ်အယူအဆ အကျင့်အကြံတွေအပေါ် အပြစ်ပြောစရာ အရင်ကတွေ့ခဲ့ပေမယ့် ယနေ့တော့ဖြင့် စော်ဘွားကြီးများဟာ မိမိတို့ခံစားနေရတဲ့ အခွင့်အရေးတွေ၊ အာဏာတွေကို ရက်ရက်ရောရော လက်တွေ့  စွန့်လွှတ်ပြလိုက်ကြတာကို တွေ့ရပြီဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။ ဒီလိုမှ မစွန့်လွှတ်ကြဘဲ မိမိတို့ရဲ့အာဏာအခွင့်အရေးတွေကို ဆက်ပြီး ကိုင်ထားချင်ကြသေးတယ် ဆိုရင်တော့  ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စုမှာ နိုင်ငံရေးရော အုပ်ချုပ်ရေးရော နှစ်ခုစလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အုပ်ချုပ်ရေး အစီအစဉ်သစ်တစ်ရပ်ကို ပြေပြေပြစ်ပြစ်နဲ့ ပြောင်းလဲပေးခဲ့ကြတဲ့ စော်ဘွားကြီးတွေ စောဖျာတွေကို အဲဒီပြဿနာများ မပေါ်ပေါက်နိုင်အောင် ဖန်တီးတဲ့ ပုဂ္ဂိုလ်တွေအနေဖြင့် မှတ်တမ်းတင်ရပါလိမ့်မယ်”ဟု ထည့်သွင်းပြောကြားခဲ့ရာ နှောင်းလူတို့ အတွက် မှတ်သားစရာ နိုင်ငံရေးသမိုင်းကြောင်း ဗဟုသုတများပင် ဖြစ်ပါသည်။  

၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ရာ “နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ၇၅ နှစ်ကာလကြာပြီ ဖြစ်တဲ့ လွတ်လပ်ရေးရဲ့အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အ၀ မခံစားရသေးတာကိုလည်း လက်ရှိပကတိ ဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိက အကြောင်းအရာကတော့ သဘောထား ကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။         

ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ကြပါသော်လည်း ငြိမ်းချမ်းရေး ရလဒ်များက ထင်သလောက် ခရီးမပေါက်နိုင်ခဲ့ပါချေ။ ထို့ကြောင့် အဖိုးတန်အချိန်များ အလေအလွင့်ဖြစ်ခဲ့ရပါသည်။ သူတစ်လူငါတစ်မင်း အပြိုင်အဆိုင် မာန်တင်းမှုများကြောင့် ထိခိုက်ခဲ့ရသည်က တိုင်းပြည်ပင်ဖြစ်သည်။ တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးစိတ်ရှိပါလျှင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရှမ်းစော်ဘွားများ အာဏာစွန့်သည့် ဥပမာကို နမူနာ ယူသင့်ပါသည်။ အများအကျိုး နိုင်ငံ့အကျိုးနှင့်ယှဉ်လာလျှင်  မိမိတို့အကျိုး စီးပွားကို ဥပေက္ခာပြုနိုင်ရမည်ဖြစ်၏။

စွန့်ရဲသည့်သတ္တိရှိဖို့သာ  လိုပါသည်။

ထိုအရာမှသာ စစ်မှန်သည့်သတ္တိဟု ဆိုရပါမည်။  တစ်ကိုယ်ရေ ကောင်းစားရေးနှင့် တစ်ပြည်ထောင် ကောင်းစားရေးအတွက် စွန့်စားခြင်းသည် စစ်မှန်သော သတ္တိ၏ပြယုဂ်မဟုတ်ပါချေ။ တိုင်းတစ်ပါး၏ အမြှောက်အပင့်များကြားတွင်  ကိုယ့်တိုင်းပြည်မြေပုံ ပျက်ယွင်းမှုမရှိစေရေး သတိပြုရန်လိုအပ် ပါသည်။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် လေ့လာ မှတ်တမ်းတင်၍မကုန်နိုင်သော ဖြစ်ရပ်များစွာ ရှိနေပါသည်။ ထိုအထဲမှ အကောင်းအဆိုးတို့ကို ချင့်ချိန်ခွဲခြားပြီး တိုင်းပြည် တိုးတက်ရေး အတွက် ပူးပေါင်းလုပ်ဆောင်ကြမှသာ တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တနေသည့် နိုင်ငံတော်ကြီး တစ်ခုကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပေသည်။

အမိနိုင်ငံတော်ကြီး ပျက်စီးပြိုကွဲရေးကို ထာဝစဉ်ကြိုးပမ်းနေသော  ပြည်ပအဖျက် သမားများ၏ အန္တရာယ်ကို မေ့လျော့ပေါ့ဆ နေမည်ဆိုပါလျှင်  ပြည်တွင်းစည်းလုံး ညီညွတ်ရေးကို ထိပါးလာမည်ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းမှတစ်ဆင့်  တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ်သွားသည့် အတိတ်ကဖြစ်စဉ်ကို မေ့လျော့၍ မရပါချေ။ တစ်ချိန်တစ်ခါက ရှမ်းစော်ဘွား များကို နယ်ချဲ့ဗြိတိသျှတို့က မြှောက်စားမှုများပေးပြီး တောင်တန်းပြည်မ သွေးကွဲမှုများဖြစ်အောင် ဖန်တီးသကဲ့သို့ ယနေ့ထိတိုင်လည်း အလားတူ ဖန်တီးမှုမျိုးကို ခေတ်သစ် ကျားငစဉ်းလဲတို့က ကျင့်ကြံနေကြဆဲဖြစ်ပါသည်။ တပ်မတော်သည် အတိတ်သမိုင်းမှ ဖြစ်စဉ်များအပေါ် ဆင်ခြင် သုံးသပ်မှုအပြည့်ဖြင့် လွတ်လပ်ရေးရပြီးချိန်မှသည် ယနေ့ကာလတိုင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိပါသည်။  ကျွန်ုပ်တို့အားလုံးသည် မြန်မာဖြစ်သည်

ဟူသော ခံယူချက်စိတ်ထားများရှိပါက မည်သည့်သွေးခွဲ မှိုင်းတိုက်မှုမျိုးကိုမဆို တွန်းလှန်နိုင်မည်ဖြစ်ပေသည်။ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရသည့် “ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည် ကူ၍တွန်းပေးကြပါ၊ လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ”ဟူသော ကဗျာလေးက အကောင်းဆုံး သာဓကပင် ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး(၄/၂၀၂၂) တွင် အမှာစကားပြောကြားခဲ့ရာ “ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်သည့် အစိုးရစနစ်ဖြစ်ပြီး  ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသား နယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် အခွင့်အာဏာများ ခွဲဝေခံစားခြင်း၊ မျှဝေခံစားခြင်းများ ရရှိစေရန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတည်းဟူသော တိုင်းရင်းသား လူမျိုးစုများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြီးပင်ဖြစ်၏။  ထိုပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့၊ ပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး အတွက် ပြည်ထောင်စု တိုင်းရင်းသား အားလုံးတွင် တာဝန်ရှိကြပါသည်။ ၎င်းတာဝန်ကို အတိတ်သမိုင်းကြောင်း၌ မည်သို့ကြိုးပမ်း တည်ဆောက်ခဲ့ကြသည်ကို ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချပွဲ၌ ထင်ရှားစွာတွေ့နိုင်ပါသည်။

အချုပ်ဆိုရသော် အစိုးရအနေဖြင့် စစ်မှန်သော သဘောထားတို့ဖြင့် ထာဝရ ငြိမ်းချမ်းရေးအတွက် မည်မျှပင်ကြိုးပမ်းစေကာမူ   သက်ဆိုင်သူ အားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကိုယ်ကျိုးမကြည့်ဘဲ ပူးပေါင်းပါဝင် လက်တွဲကြမှသာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်းမည် ဖြစ်သည်။ တိုင်းပြည်အေးချမ်းမှသာ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်၏။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖူလုံပြည့်စုံခြင်းသည် တိုင်းပြည်စည်ပင် ဝပြောခြင်းကို ဖော်ထုတ်ပြသခြင်းပင် ဖြစ်၏။ တိုးတက် ပြောင်းလဲလျက်ရှိသော ကမ္ဘာကြီးနှင့် ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်များကို မျက်ခြည်ပြတ်မခံဘဲ အားလုံးသည် ဟုတ်သောအကြံ မှန်သောအကျင့် သင့်သောအယူ ဖြူသောနှလုံးဖြင့် တိုင်းပြည်ကောင်းရာကောင်းကျိုး ပူးပေါင်း ဆောင်ရွက်ကြမည်၊ စည်းလုံးညီညွတ်ကြမည်ဆိုပါလျှင်   စိန်ရတုလွတ်လပ်ရေး ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမှုကြောင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များစွာကို ခံစားကြရလိမ့်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ 

ကိုးကား 

၁။ ပြည်ထောင်စုဝံသာနုရက္ခိတ   (တက္ကသိုလ်မြတ်သူ)

၂။ ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး    ပန္နက်ချပွဲစာအုပ်

၃။ (၁၃-၅-၂၀၂၂) ရက်နှင့် (၂၃-၄-၂၀၂၂) ရက်ထုတ် မြဝတီသတင်းစာ

နွေကံ့ကော်(မြို့လှ)