တပ်မတော်ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်သည့်ပစ္စည်းများ စစ်တွေမြို့သို့ ရောက်ရှိ၍ သက်ဆိုင်ရာနေရာများသို့ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၄
    
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံအဝှမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင် ရန် လိုအပ်သည့်ရွေးကောက်ပွဲနှင့်သက်ဆိုင်သောပစ္စည်းများကို အောက်တိုဘာ ၁ ရက်   မွန်းလွဲပိုင်းတွင် တပ်မတော်ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိသည်။    
ထိုသို့ ပို့ဆောင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများဖြစ်သည့် မဲပုံး ၁၁၅၀၆ ပုံး၊ မဲပုံးအဖုံး ၁၀၃၀၆ ဖုံး၊ ရွေးကောက်ပွဲတွင်အသုံးပြုနိုင်ရန်အတွက် Mask  ၃၈၅ ဖာနှင့် Hand Sanitizer   ၁၆၄၃ ဖာ (စုစုပေါင်းတန်ချိန် ၇၅ တန်ခန့်)တို့ကို ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် သည်။ ထို့နောက် အဆိုပါပစ္စည်းများအား စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကူညီသယ်ဆောင်ပေးပြီး တပ်မတော်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ပေးခဲ့သည်။    
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့်ရွေးကောက်ပွဲနှင့် သက်ဆိုင်သောပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များနှင့် မော်တော် ယာဉ်များဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့လည်းကောင်း၊ စစ်တွေမြို့မှတစ်ဆင့် သက်ဆိုင်ရာ နေရာများသို့ လည်းကောင်း အသီးသီးသယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။