ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မေ ၁၇
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏဂုဏ်ရည်စာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ပရမအာရုံပြုနည်းပြ ကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဗောဓိပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ သစ္စာတံခွန်မိုးကုတ်ရိပ်သာကျောင်းတိုက် သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ မဟာထူပါရုံပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ နတ်ရေကန်သောဘိတာရာမပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။