မြစ်ကြီးနားမြို့၊ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်

မြစ်ကြီးနားမြို့၊ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်

နေပြည်တော်၊ မေ- ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် မြတ်ကြီး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် ခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ အောင်နန်း မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအာဒိစ္စအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြသည်။ ထို့နောက် အောင်နန်း မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အောင်နန်းမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြသည်။

ဆက်လက်၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်း အမှတ်အဖြစ် သံဃာတော် ၃၆ ပါးတို့ကို တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင် ရာများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။