COVID-19   ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ် သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၄
    
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှ စတင်လက်ခံ၍ လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။
    
ထိုသို့လက်ခံကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၉၈ ပါးနှင့် အရပ်သား ၁၅၂ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၂၉၁ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၃၆ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၅၁၂ ဦးတို့ကို အသီးသီးလက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ ကုသပေးရန်အဆောင်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထိုသို့ တပ်မတော်က နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသူများနှင့် ဓာတ်ခွဲအတည်ပြုလူနာများ၏ ရင်တွင်းစကားသံ များအား ယခုလိုကြားသိခဲ့ရပါသည် -

“ကျွန်တော်တို့ Quarantine Centre ကနေ ထွက်သွားတဲ့လူတစ်ယောက်ဟာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ လုံးဝကင်းစင်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့က ထောက်ခံချက်ပေးရပါ တယ်။ ရပ်ကွက်ကိုပြန်ပြီးတော့ ဝင်တဲ့အခါကျရင် အချို့သောလူတွေက ကူးစက်ရောဂါသည် တစ်ယောက်လိုပြုမူပြီး ဆက်ဆံတာတွေ ရှိပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ သွားအပ်တဲ့အခါကျရင် လာအပ်တဲ့ဆရာကြီးပဲလာခဲ့ပါ။ ကျန်တဲ့ လူနာတွေ အပြင်မှာနေခဲ့ပါ။ ဒါမျိုးခွဲခြားဆက်ဆံတာတွေ ကြုံခဲ့ရပါတယ်။ သွားရောက်အပ်နှံတဲ့ အချိန်မှာ ဦးစီးမှူး၊ ဒုတိယဦးစီးမှူး၊ စာရေးတွေရှိပါတယ်။ သူတို့ကို ကျွန်တော်တို့က တတ်နိုင်သမျှ ဒီလူနာသည် COVID-19 ရောဂါ ကင်းစင်တဲ့အတွက် အထောက်အထားစာရွက်စာတမ်းတွေလည်း ရှိပါတယ်။ သူ Quarantine ၂၁ ရက်လည်း ဝင်ပြီးသွားပါပြီ။ သူ့မှာ ဒီရောဂါလုံးဝကင်းစင် တယ်ဆို တဲ့အကြောင်းကို ကျွန်တော်တို့က သူတို့နားလည်အောင် ရှင်းလင်းပြသရတာရှိပါတယ်။ ဒီလိုပဲသူတို့ ကနေတစ်ဆင့် အခြားလူကိုလည်း ဒီလိုရှင်းပြဖို့အတွက်ကိုလည်း ကျွန်တော်တို့ပြော ထားခဲ့ပါတယ်။  ပြည်ပက ဝင်လာတဲ့ Quarantine လူနာတွေက များသောအားဖြင့် မြန်မာနိုင်ငံနဲ့ ၁၀ နှစ်၊ တချို့ ၁၅ နှစ်၊ တချို့ဆို အနှစ် ၂၀ ဒါမျိုး Quarantine ဝင်တဲ့ လူနာတွေရှိပါတယ်။ အရင်တုန်းကတော့ သူတို့ ဒီမြို့နယ်မှာနေခဲ့တယ်။ ဒါပေမဲ့ ခုပြန်သွားတဲ့အခါကျတော့ ဒီမြို့နယ်ကြီးက အရင်နဲ့ တခြားစီဖြစ် နေပါပြီ။ ဒါမျိုးအခါကျ သူတို့ရဲ့ လိပ်စာတွေကို ရှာမရတော့ပါဘူး။ ရှာမရတဲ့အခါကျတော့ ရပ်ကွက် ကလက်မခံချင်တဲ့ဟာမျိုးတွေ ရှိပါတယ်။ ရှိတဲ့အခါကျရင် ကျွန်တော်တို့က သူတို့နဲ့အနီးစပ်ဆုံး ဖုန်းနံပါတ် ဆက်သွယ်ပြီးတော့ ရန်ကုန်မှာ မဟုတ်ဘူး၊ အခြားနယ်မှာနေတယ်။ ဒါပေမဲ့ဒီလူက ပြန်စရာလမ်းစရိတ်မရှိပါဘူး။ အဲလိုဖြစ်လာတဲ့အခါကျရင် ကျွန်တော်တို့က သူတို့ အတွက်သက်ဆိုင် ရာ ကားဂိတ်၊ မီးရထားဘူတာရုံ ဒါမျိုးတွေကို လိုက်ပါပို့ဆောင်ပြီးတော့ သူတို့အတွက် ရထား လက်မှတ်၊ ကားလက်မှတ်ဝယ်ပြီးတော့ သူတို့အတွက်လမ်းမှာစားဖို့၊ သောက်ဖို့ အဆင်ပြေအောင် အထိ ဆောင်ရွက်ပေးလိုက်ရတာတွေရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေး အတွက် သူတို့ဒီမှာ Quarantine လာဝင်တာပဲဆိုပေမယ့် ဒူးနာတာတို့၊ ခါးနာတာတို့ ရောဂါမှန်သမျှ ကိုလည်း တပ်မတော်ဆေးတပ်ဖွဲ့ကနေပြီး ကုသပေးတဲ့အပိုင်းတွေရှိပါတယ်။ မိသားစုတွေကနေပို့တဲ့ ပစ္စည်းတွေရှိပါတယ်။ အဲဒီပစ္စည်းတွေ တစ်စုံတစ်ရာပျောက်ရှမှု မရှိအောင်လည်း ကျွန်တော်တို့က စီစဉ်ဆောင်ရွက်ပြီး စနစ်တကျ လွှဲပြောင်းပေးပါတယ်။ Quarantine လာဝင်တဲ့ လူနာမှန်သမျှ ကိုလည်း ကျွန်တော်တို့ရဲ့ မိသားစုကဲ့သို့ ကူညီဆောင်ရွက်ပေးပါတယ်။ ဒီလိုလုပ်ပေးရတဲ့အတွက် ကုသိုလ်လည်းရပါတယ်။ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်” ဟု Quarantine ဝင်ပြီးသူများ နေရပ်ပြန်ရာတွင် လိုက်ပါပို့ဆောင်ပေးသူ ဒုတိယအရာခံဗိုလ် မင်းညီညီလတ်က ပြောသည်။

“ကူးစက်တာကတော့ ကျွန်တော့်အဖေ ကနေ အရင် Positive ဖြစ်တာကို သိရပါတယ်။ Positive ဖြစ်တော့ ကျွန်တော်တို့ အိမ်မှာ မိသားစုဝင်တွေက Home Stay နေရပါတယ်။ အိမ်ထဲမှာ ငါးရက် နေပြီးတော့မှ Quarantine Centre တွေကိုသွားရမယ်ဆိုပြီးတော့ သန်လျင်တာဝ တက္ကသိုလ်ကို ရောက်ပါတယ်။ မိန်းမရယ်၊ ကလေးတွေရယ်၊ အမေရယ်၊ ညီမရယ်က ဒဂုံတက္ကသိုလ်ကို ရောက်ပါ တယ်။ ၁၈-၉-၂၀၂၀ ရက်နေ့ရောက်ပြီး ၂၀-၉-၂၀၂၀ ရက်နေ့မှာ ကျွန်တော်တို့ကို Swab လာယူတယ်။ Swab ယူပြီးတော့ ၂၅-၉-၂၀၂၀ ရက်နေ့မှာ Positive ဖြစ်ကြောင်း သိရပါတယ်။ ၂၆ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ ကျွန်တော်တို့ကို ဒီလက်ရှိရောက်နေတဲ့နေရာ ရဲမွန်ကို ပို့ပါတယ်။ ကျွန်တော်တို့ကို သောက်ဆေး သုံးမျိုးပေးပါတယ်။ အားဆေးရယ်၊ ဗီတာမင်စီ ပါတဲ့ဆေးတွေကို   တစ်နေ့ကိုတစ်ကြိမ် သောက်ရပါတယ်။ မနက် ၆ နာရီခွဲ ၇ နာရီ လောက်ဆို မနက်စာကျွေးပါတယ်။ နေ့လယ်ဆိုရင် ဟင်းကတော့ အမျိုးမျိုးပေါ့။ ငါးဟင်း၊ ပဲဟင်း၊ တို့စရာ၊ ငါးပိထောင်းလေးတွေပါ တယ်။ စားချင်စဖွယ်ပါပဲ။ ကြက်သားဟင်း လည်းပါတယ်။တပ်မတော်ဆေးဆရာဝန် ဗိုလ်ကြီးတွေက တစ်နေ့ကိုနှစ်ကြိမ်လာကြည့်ပါတယ်။ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ်လာပါတယ်။  ကြား ထဲမှာ တစ်ခုခု ထူးခြားလို့ရှိရင် သူတို့ကို အချိန်မရွေးဖုန်းဆက်ဖို့အတွက် ကျွန်တော်တို့အားလုံးကို ဖုန်းနံပါတ်တွေပေးထားပါတယ်။ နံရံတွေမှာလည်း ကပ်ထားပါတယ်။ သက်ကြီးပိုင်းတွေကလည်း သူ့ဟာသူ ကျန်းမာရေးအရ လမ်းလျှောက်ပြီးတော့ ဒီဝင်းကြီးကလည်း ကျယ်တော့ လေကောင်း လေသန့်လည်းရပါတယ်။ အဆင်လည်းပြေပါတယ်” ဟု ဆေးကုသမှုခံယူနေသူတစ်ဦးကပြောသည်။

(၁၀၀)