ပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအမျိုးသား၊ အမျိုးသမီးအသင်း အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ
အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်များကို မေ ၁၇ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အမျိုးသား၊ အမျိုးသမီးအသင်းတို့ အနေဖြင့် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း (အမျိုးသား)အသင်းအနေဖြင့် သုံးယောက်တွဲ ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်အသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းမှာ အုပ်စုပွဲစဉ်များတွင် အင်ဒိုနီးရှား အသင်းကို တစ်ပွဲနိုင် နှစ်ပွဲရှုံးဖြင့် လည်းကောင်း၊ လာအိုအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိပြီး ဖိလစ်ပိုင်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ကာ တစ်ပွဲနိုင် နှစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။
ထို့ပြင် အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း မလေးရှားအသင်း၊ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း တို့ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း(အမျိုး သမီး)အသင်းသည်လည်း သုံးယောက်တွဲ ပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား အသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး တစ်ပွဲနိုင် သုံးပွဲရှုံးဖြင့် အဆင့်လေးသာ ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း(အမျိုးသား) အသင်းအနေဖြင့် နှစ်ယောက်တွဲပြိုင်ပွဲများကို မေ ၁၈ ရက်(ယနေ့)တွင် ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်း တို့ဖြင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။