ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်း ရှုံးပွဲဆက်

ဆီးဂိမ်းဖူဆယ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်း ရှုံးပွဲဆက်

(၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို မေ ၁၇ ရက် နေ့လယ်ပိုင်းတွင် Nam Gymnasium၌ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ထိုင်းအသင်းကို ၄ဂိုး ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့သည်။

ပြိုင်ပွဲတွင် မြန်မာအသင်းသည် ခိုင်နှင်းသန့် (ဂိုး)၊   ခင်မာလင်း၊  ခင်ပြည့်လင်း၊ နှင်းစန္ဒ္ဒာလှိုင်၊ နန့်မေသဇင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန်ပထမပိုင်းတွင် ထိုင်းအသင်းက အသာစီးဖြင့် ကစားခဲ့ပြီး ပွဲချိန် ၇ မိနစ်တွင် မြန်မာအသင်းမှ အေးအေးထွေးက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သည်။

ထို့နောက် ထိုင်းအသင်းက ခြေစွမ်းအသာဖြင့် ဆက်လက်ဖိအားပေး ကစားခဲ့ပြီး ပွဲချိန် ၉ မိနစ်နှင့် ၁၇ မိနစ်တို့တွင် Hua-jaipetch  က ဂိုးများ သွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် ၃ ဂိုးပြတ် အနိုင်ရလဒ်ဖြင့် ပွဲကို ထိုင်းအသင်းက ဦးဆောင်ကစားခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်း ပယ်နယ်တီ တစ်လုံး ကန်သွင်းခွင့်ရရှိပြီး လွဲချော်ခဲ့သော်လည်း ပွဲချိန် ၂၄ မိနစ်တွင် မြန်မာအသင်းမှ နန့်မေသဇင်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ထိုင်းအသင်းက လေးဂိုးပြတ် အနိုင်ရရှိသွားခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် ပွဲဦးထွက်တွင်လည်း အိမ်ရှင်ဗီယက်နမ်ကို ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး မေ ၁၉ ရက်တွင်နောက်ဆုံးပွဲစဉ်အဖြစ်  မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။