မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ဦးပေါက်စက ဆွတ်ခူးရရှိ

မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ဦးပေါက်စက ဆွတ်ခူးရရှိ

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့်   ဆီးဂိမ်းပြိုင်ပွဲများကို မြို့အသီးသီးရှိ  အားကစားကွင်း/အားကစား ရုံများ၌ကျင်းပလျက်ရှိရာ မေ ၁၇ ရက်နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ  Ha Dong  အားကစားရုံ၌ ဘိလိယက်/ စနူကာအားကစားနည်းမှ English  Billiards    တစ်ဦးချင်း ဗိုလ်လုပွဲပွဲစဉ်တွင် မြန်မာ အားကစားသမား  ဦးပေါက်စက  ကမ္ဘာ့ ဘိလိယက် ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခုနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ခြောက်ခု ရရှိထား သော စင်ကာပူနိုင်ငံသား မစ္စတာပီတာဂေး ခရစ်ကို ၃ ပွဲ ၁ ပွဲ ဖြင့်  အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံအတွက်  ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့သည့်အတွက် နိုင်ငံတော်မှ ထပ်မံ ဂုဏ်ပြုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကို  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ဦးပေါက်စအား ပေးအပ်ချီးမြှင့်သည်။

မြန်မာအားကစားသမား ဦးပေါက်စသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ် ကို ၃  ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲတွင် ထိုင်းနိုင်ငံနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ၃ ပွဲ ၁ ပွဲဖြင့် ထိုင်းအားကစား သမားကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ  ယနေ့ပြိုင်ပွဲများအဖြစ်  Hanoi  National  Sport  Training Center ၌ ကျင်းပသော သေနတ်ပစ်အား ကစားနည်း မီတာ ၅၀  Free Pistol ပြိုင်ပွဲ တွင် မြန်မာသေနတ်ပစ် အားကစားသမား ရဲထွန်းနောင်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ ပီတန်းအားကစားနည်း  သုံးယောက်တွဲ ပြိုင်ပွဲတွင်  ကြေးတံဆိပ်ဆုကို လည်းကောင်း၊  Hai Phong မြို့၌ ကနူးလှေလှော်ပြိုင်ပွဲတွင် မီတာ ၁၀၀၀ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်၌ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ သက်ဖြိုးနိုင်က ကြေးတံဆိပ်ဆုကိုလည်း ကောင်း ထပ်မံဆွတ်ခူးရရှိသည်။

ထို့ပြင် မီတာ ၁၀၀၀ ကယက်လှေလှော် အားကစားနည်း(အမျိုးသား)တစ်ဦးချင်းပြိုင်ပွဲတွင် အောင်မျိုးသူနှင့် (အမျိုးသား) လေးတက်လှော်ပြိုင်ပွဲတွင်  ထွန်းမင်းသန့်၊ ထက်ဝေလွင်၊ စောမိုးအောင်နှင့် မြင့်ကိုကိုတို့က လည်းကောင်း၊   ကနူးလှေလှော် အားကစားနည်း မီတာ ၁၀၀၀ (အမျိုးသား) လေးတက်လှော်ပြိုင်ပွဲတွင်  ဝင်းထိုက်၊ စိုင်းမင်းဝေ၊  မင်းနိုင်၊ သန့်ဇင်ဦးတို့ကလည်းကောင်း  ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ယနေ့ အထိ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်ခြောက်ခု နှင့် ကြေးတံဆိပ် ၁၁ ခုတို့ကို ဆွတ်ခူးရရှိ ထားပြီး စုစုပေါင်းဆုတံဆိပ် ၂၂ ခုဖြင့် နိုင်ငံအလိုက်အဆင့် ရပ်တည်မှု အဆင့်(၇)တွင် ရပ်တည်လျက်ရှိကြောင်း သတင်း ရရှိသည်။