ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ် ဆိုးကျိုးများ

ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စနစ်ဆိုးကျိုးများ

ပဋိဇီဝဆေးဆိုသည်မှာ ဗက်တီးရီးယား ပိုး၊ ဗိုင်းရပ်ပိုး၊ မှိုပိုးနှင့် ကပ်ပါးပိုးတို့ကို အမြစ်ပြတ်အောင် လူ၊ တိရစ္ဆာန်၊ အပင်တို့တွင်  ကုသရန်အတွက်  အသုံးပြုသော ဆေးဝါးများကို ဆိုလိုသည်။ ပဋိဇီဝဆေး ယဉ်ပါးခြင်းဆိုသည်မှာ ဖော်ပြပါ ပိုးကောင်များသည် အချိန်ကာလ ကြာလာသည်နှင့်အမျှ  ပြောင်းလဲလာကာ  ၎င်းတို့ကိုကုသသောဆေးဝါးများ အပေါ် တုံ့ပြန်မှု မရှိတော့ခြင်းဖြစ်သည်။ မျက်မှောက်ကာလ တွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား ရင်ဆိုင်နေရသည့်  ကိစ္စတစ်ရပ်မှာ ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာဖြစ်သည်။

အဆိုပါ ပဋိဇီဝဆေးများ၊ မှိုသတ်ဆေးများနှင့်   ပိုးသတ်ဆေးများ အပါအဝင် ပဋိဇီဝဆေးများကို ကမ္ဘာတစ်ဝန်းလုံးရှိ လူ၊ တိရစ္ဆာန်၊ အပင်များ၊ ဆေးပညာများတွင် အသုံးပြုကြသည့်အတွက် ဆေးယဉ်ပါးမှု မြင့်တက်လာကာ  ဆေးယဉ်ပါးသော ရောဂါများကြောင့်  ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်  သေဆုံးသူ  ငါးသန်းနီးပါးရှိပြီး ကမ္ဘာလုံးဆိုင်ရာ  ကျန်းမာရေးစနစ်ကို ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ပဋိဇီဝဆေးဝါးများကို လူနှင့်တိရစ္ဆာန်များတွင် ရောဂါများ ကုသရန်နှင့် ကာကွယ်ရန်၊  တစ်ခါတစ်ရံတွင်  ကျန်းမာသော တိရစ္ဆာန်များတွင် ကြီးထွားမှုကိုမြှင့်တင်ရန် အတွက် အစာထုတ်လုပ်ရာတွင် အသုံးပြုကြသကဲ့သို့ အပင်များတွင်  ရောဂါများ ကုသရန်နှင့် ကာကွယ်ရန်အတွက် စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများကို အသုံးပြုလေ့ ရှိကြသည်။ လက်ရှိတွင် လူ၊တိရစ္ဆာန်နှင့် အပင်များတွင် ပိုးသတ်ဆေးသုံးစွဲမှုသည် ဆေးယဉ်ပါးမှုကို မြင့်တက်လာပြီး ရောဂါ များကို ကုသရန်ခက်ခဲစေသည့် အတွက် ဆေးယဉ်ပါးသော အဏုဇီဝပိုးများနှင့် ရောဂါပိုးများကို ကုသရန် ခက်ခဲလာစေပြီး ထိုမှတစ်ဆင့် ပတ်ဝန်းကျင်သို့ ကူးစက်နိုင်ပါသည်။

ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ပွားခြင်းနှင့် ပျံ့နှံ့ခြင်းသည် ဆေးဝါးများကို အလွန် အကျွံသုံးစွဲခြင်းနှင့် မှားယွင်းစွာသုံးစွဲခြင်း၊ လူနှင့် တိရစ္ဆာန်တို့အတွက် သန့်ရှင်းသော ရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုမရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးသောနေရာများနှင့် စိုက်ပျိုးမွေးမြူရေး ခြံများတွင် ရောဂါကူးစက်မှု ကာကွယ်ခြင်းနှင့် ရောဂါထိန်းချုပ်မှု အားနည်းခြင်း၊ အရည်အသွေးမြင့်၍  ဈေးနှုန်းသင့်တင့်သော ဆေးဝါးများ  လွယ်ကူစွာမရရှိနိုင်ခြင်း၊ ဆေးယဉ်ပါးခြင်းနှင့် ပတ်သက်၍ အသိ ပညာအလုံအလောက် မရှိခြင်းနှင့် ဆေးဆိုင် အချို့အနေဖြင့်  ဆေးဝါးထိန်းချုပ်ရေး ဥပဒေများအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်။

WHO ၏အကြံပြုချက်

နိုင်ငံတိုင်းတွင် ပိုးသတ်ဆေး ယဉ်ပါးမှု မြင့်တက်လာခြင်းနှင့် ပျံ့နှံ့မှုကို တားဆီးရေးအတွက် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်လာပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ်၊ စီးပွားရေး၊    စားနပ်ရိက္ခာ ဖူလုံရေးနှင့် အစားအစာစနစ်များအပေါ် သက်ရောက် မှုများ ဆိုးရွားလာမည်ဖြစ်ကြောင်း WHO က သတိပေးထားသည်။ ကမ္ဘာလုံးဆိုင်ရာ အဏုဇီဝ ပိုးသတ်ဆေး ညစ်ညမ်းမှု၏ အတိုင်းအတာအတိအကျကို  မသိရသေးသော်လည်း ဗက်တီးရီးယား အများအပြားသည် ငါး၊ ပုစွန်၊ စက်မှုလုပ်ငန်းနှင့် စည်ပင်သာယာမှ စွန့်ပစ်ပစ္စည်းများနှင့် နီးစပ်သော အဏ္ဏဝါရေနှင့်  အနည်အနှစ်များတွင် ပျံ့နှံ့နေပြီဖြစ်ကြောင်း  WHO က သုံးသပ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် မြေသြဇာ၊ ရေဆိုး၊  စိမ့်ဝင်မှုနှင့်  လယ်ယာစွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်များ၊ SOPS ၊ လမ်းညွှန်ချက်၊ စံချိန်စံညွှန်းများနှင့် မြေသြဇာများအတွက်  မြေဆွေးနှင့်  စိုက်ပျိုးမွေးမြူရေး နယ်ပယ်သို့ အသုံးချခြင်းကဲ့သို့ သော  အစီအမံများကို ဖန်တီးအကောင်အထည် ဖော်သင့်ကြောင်း   WHO  က အကြံပြုထားသည်။

ထို့ပြင် အင်္ဂလန်နိုင်ငံရှိ Lancet ဆေး သိပ္ပံဂျာနယ်၏ လေ့လာမှုစစ်တမ်း တစ်ရပ်တွင် ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိသော ဗက်တီးရီးယား ပိုးများကြောင့် ၂၀၁၉ ခုနှစ် တွင် ကမ္ဘာတစ်ဝန်း၌ လူပေါင်း ၁ ဒသမ ၂ သန်းကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထား သည်။  အဆိုပါ ဗက်တီးရီးယားပိုးများကြောင့် သေဆုံးမှုသည် ငှက်ဖျား သို့မဟုတ် အေအိုင်ဒီအက်စ်ရောဂါကြောင့် နှစ်စဉ် သေဆုံးမှုထက် ကျော်လွန်နေကြောင်းနှင့် ဆင်းရဲသော နိုင်ငံများသည် ယင်းပြဿနာကို  အဆိုးရွားဆုံး ခံစားနေရသော်လည်း ပဋိဇီဝဆေး ယဉ်ပါးမှုသည်  လူတိုင်း၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း အဆိုပါလေ့လာမှုတွင် ဆက်လက်ဖော်ပြ ထားသည်။

မကြာသေးမီနှစ်များ အတွင်း အသေးအဖွဲ ကူးစက်မှုများအတွက်  ပဋိဇီဝဆေး အလွန်အကျွံ သုံးစွဲမှုများကြောင့် ပြင်းထန်သော ရောဂါပိုးများကို တိုက်ဖျက်ရာတွင် ထိရောက်မှု နည်းပါးလာကြောင်းနှင့် ဆေးဝါးသစ်များအပေါ်တွင် အရေးတကြီး ရင်းနှီးမြှုပ်နှံမှုပြုပြီး လက်ရှိဆေးဝါးများကို ပိုမို အကျိုးရှိစွာ သုံးစွဲခြင်းဖြင့် အဆိုပါပြဿနာကို ကာကွယ်ရန် အစီရင်ခံစာတွင် အကြံပြုထားသည်။

ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ် ဆိုးကျိုးများ

ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် ကူးစက် ရောဂါများကို ကုသနိုင်စွမ်း လျော့နည်းလာသည်။ တစ်နည်းအားဖြင့် ဆေးမတိုးတော့ခြင်းဖြစ်သည်။ ဆေးယဉ်ပါးမှုသည် လူတစ်ဦးနှင့် တစ်ဦးကြားတွင် လည်းကောင်း၊ အသား၊ ငါးစားသုံးမှု အပါအဝင် အခြားနည်းလမ်းများဖြင့် လည်းကောင်း၊ တိရစ္ဆာန်မှတစ်ဆင့် လည်းကောင်း   လူအများသို့ ကူးစက်နိုင်ပါသည်။ ပဋိဇီဝဆေးများကို တလွဲသုံးခြင်းသည် လူတို့ကိုဆေး ယဉ်ပါးမှု အန္တရာယ် အချိန်တိုအတွင်း ကျရောက်စေနိုင်ပြီး ဆေးယဉ်ပါးမှု ဖြစ်ပွားပါက ကုသရန် ခက်ခဲသည်။ ထိုမျှမက ဆေးယဉ်ပါးမှုကြောင့် ဆေးရုံတက်ရသည့်ရက် ပိုမို ကြာရှည်ခြင်း၊ ကုသစရိတ် ပိုမိုမြင့်မားခြင်းနှင့် အသက်အန္တရာယ်စိုးရိမ်ရခြင်း စသည့် ဆိုးကျိုးများကိုဖြစ်ပေါ်စေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကမ္ဘာ့နိုင်ငံများ အားလုံးတွင် ပဋိဇီဝဆေး ယဉ်ပါးမှုကြောင့် သေဆုံးသူဦးရေ နှစ်စဉ် ခုနစ်သိန်းခန့်အထိရှိနေပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင်  လူဦးရေ ၁၀ သန်းအထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထား သည်။ သို့ရာတွင် ယင်းပြဿနာကို ဖြေရှင်းရာ၌ ပြည်သူလူထုတို့၏ အသိပညာ မြင့်မားရေးသာမက  ဆေးဆိုင်များ၏ ကျင့်ဝတ်လိုက်နာမှု၊ သက်ဆိုင်ရာ အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး အဖွဲ့တို့၏ကြပ်မတ်မှုတို့သည်လည်း အရေးကြီးသည့်အချက်များ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ပဋိဇီဝဆေး ယဉ်ပါးမှုသည် လူမျိုးမရွေး၊ အသက်အရွယ် မရွေး၊ အချိန်အခါမရွေး ဖြစ်ပွားနိုင်သဖြင့် စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေး လုပ်ကိုင်သူများက သစ်ပင်စားပင်များနှင့် မွေးမြူရေး တိရစ္ဆာန်တို့အတွက် ပဋိဇီဝဆေးများ၊ မှိုသတ်ဆေးများနှင့်  ပိုးသတ်ဆေးများ အပါအဝင် ပဋိဇီဝဆေးအမျိုးမျိုးကို စနစ် တကျ မှန်မှန်ကန်ကန် သုံးစွဲတတ်ရန် အထူးအရေးကြီးပါသည်။ မိသားစုကျန်းမာရေး အတွက်ကိုလည်း ပဋိဇီဝဆေးများကို သုံးစွဲမည်ဆိုပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေး စောင့်ရှောက်သူများနှင့် မဖြစ်မနေ တိုင်ပင်သင့်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ကြောင်း၊ ပဋိဇီဝဆေး ယဉ်ပါးခြင်း အန္တရာယ်နှင့် ပတ်သက်သည့်  ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ကြောင့် အများပြည်သူအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များကို သတိထား လိုက်နာသင့်ပါသည်။

ထို့ပြင်  ပဋိဇီဝဆေးယဉ်ပါးမှုသည် ပဋိဇီဝဆေးဝါးများကို ဆရာဝန်၏ ညွှန်ကြား ချက်မပါဘဲ  အဆင်ပြေသလို  ဝယ်ယူသောက်သုံးခြင်း၊ ဆေးရုံ၊ ဆေးခန်းများမှ  ပေးလိုက်သည့် ပဋိဇီဝဆေးများကို သတ်မှတ်ချိန်အတွင်း  သတ်မှတ်ရက်အတိုင်း အတိအကျ မသောက်ခြင်း၊ စပ်ဆေးများ ဝယ်ယူသုံးစွဲခြင်း စသည့် အလေ့အထ များပြားနေသည့် မြန်မာ့လူ့အဖွဲ့အစည်း အနေဖြင့် အထူးသတိပြုရမည့် ကိစ္စဖြစ်ပါကြောင်း အကြံပြု လိုက်ရပါသည်။  ။

ပေါက်ပေါက်