လူမှန် နေရာမှန် အလုပ်မှန်ပါစေ

လူမှန် နေရာမှန် အလုပ်မှန်ပါစေ

ကျွန်တော်သည်  ကျောင်းဆရာတစ်ဦးဖြစ်၍ ကျောင်းအတော်များများတွင် တာဝန် ထမ်းဆောင်ဖူးသည်။ ထို့ကြောင့် ထိုကျောင်းများရှိ အဆင့်ဆင့်သော ဝန်ထမ်းများနှင့် ထိတွေ့ဖူးသည်။ ဤတွင် လူအမျိုးမျိုး  စိတ်အထွေထွေဆိုသကဲ့သို့ စရိုက်အသွင် မတူညီသော ဝန်ထမ်းများနှင့်တွေ့ကြုံရသည်။ တစ်ဦးနှင့်တစ်ဦး စရိုက်အသွင် မတူညီကြခြင်းမှာ  ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာ တရားဖြစ်သော်လည်း မိမိ၏ တာဝန်ကိုတော့ မိမိသာ  ကျေပွန်အောင် ထမ်းဆောင်ရမည်မှာ ဝန်ထမ်းတို့ လိုက်နာရမည့် စည်းကမ်းပင်ဖြစ်သည်။

သို့သော် အချို့နေရာများတွင် ငါးပိသည်က  မိမိ ငါးပိကို ယင်မနားစေရန် ယင်မမောင်းဘဲ  မဆိုင်သည့် ဆားသည်က ယင်ဝင်မောင်းနေရသည်များ ရှိနေသည်။ ကျွန်တော် အဘယ်ကြောင့်  ဤသို့ဆိုရသနည်းဟု မေးလျှင် အကြောင်းခံရှိပါသည်။ ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့သော ကျောင်းတစ်ကျောင်းတွင် ကျောင်းရုံး၏ အလုပ်များကို ရုံးဝန်ထမ်းများက မလုပ်ဘဲ သင်ကြားရေး ဝန်ထမ်းဆရာတစ်ဦးက တာဝန်ယူ လုပ်ကိုင်နေရသည်။ ဥယျာဉ်မှူးက ပန်းပင်ရေမလောင်းသဖြင့် ရေစက်မောင်းက ရေတင်ရင်း ပန်းပင်များကို ရေလောင်းရသည်။ အချိန်တန်တော့ အလုပ်များက ပြီးစီးသွားခဲ့သည်။ သို့သော် မိမိထမ်းဆောင်ရမည့် တာဝန်မကျေ ပွန်ခြင်းနှင့် အပိုတာဝန် ထမ်းဆောင်ရခြင်းဟူသည့် မညီမျှမှု၊ သဘာဝမကျမှုများ ဖြစ်တည်သွားခဲ့သည်။တာဝန်မကျေပွန်သူ အနေနှင့် မိမိနေသာသလိုနေလို့ ရသည်ဟု တာဝန်မဲ့ အတွေးဝင်သွားပြီး အပိုတာဝန် ထမ်းဆောင်ရသူ အနေဖြင့်လည်း မူလထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များ လစ်ဟင်းသွားသည်။ ရုံးတာဝန်ကို ဝင်ရောက်ထမ်းဆောင်သည့် သင်ကြားရေး တာဝန်ကျ ဆရာသည် ရုံးလုပ်ငန်းများကို အချိန်ယူ လုပ်ကိုင်ပေးနေရသဖြင့် သူတာဝန်ယူ သင်ကြားပေးရမည့် အတန်းတွင် သင်ကြားရေး လစ်ဟာသွားပါတော့သည်။

သန့်ရှင်းရေး ဝန်ထမ်းမှာလည်း အချိန်မီမရောက်ခြင်း၊ လုပ်ရမည့်  သန့်ရှင်းရေးကို  နှံ့စပ်ပြည့်စုံအောင် မလုပ်နိုင်ခြင်း၊  ပျက်ကွက်ရက် များခြင်းတို့ကြောင့် သန့်ရှင်းရေး အလုပ်ကြွေးများ    တင်လာခဲ့သည်။

ထို့ကြောင့်  သင်ကြားရေးဆရာ၊  ဆရာမများနှင့် ကျောင်းသားများက ဝင်ရောက် လုပ်ကိုင်လာကြရသည်။ကျောင်းစောင့်ဆိုလျှင်လည်း ထို့အတူဖြစ်သည်။ ကျောင်းလုံခြုံရေး အတွက် အားမကိုးရ/တံခါးများကို ပိတ်ချိန် ဖွင့်ချိန် စည်းကမ်းစနစ်တကျမရှိ။ ကျောင်း အုပ်ကြီးက  စည်းကမ်း ချမှတ်ပေးထားသော်လည်း ကျောင်းချိန်မဟုတ်သော ကာလများတွင် ထင်သလို ဖွင့်ခြင်း ပိတ်ခြင်းလုပ်တော့သည်။ ညဘက်တွင် ပြင်ပ လူများ ဝင်ထွက်သွားလာမှု ရှိနေ၏။ အဆုံးရလဒ်ကား ကျောင်းပိုင်ပစ္စည်းများ ပျောက်ရှခြင်းပင် ဖြစ်သည်။ပထမတစ်ကြိမ် နှစ်ကြိမ်တွင် ကျောင်းအုပ်ကြီးက သူ့ကိုခေါ်ယူသတိပေး၍ ပျောက်သွားသော ပစ္စည်း အချို့ကို ပြန်လည်ဖြည့်တင်းခဲ့သည်။ သို့သော် ပစ္စည်းများ ခဏခဏပျောက်ဖန် များလာသောအခါ ပျောက်သည့်ပစ္စည်းကို ကျောင်းစောင့်ကိုယ်တိုင် ပြန်ဝယ်ပေးရမည်ဟု ကျောင်းအုပ်ကြီးက စည်းကမ်းသတ်မှတ်လိုက်မှ အပျောက်အရှ နည်းသွားတော့သည်။ သို့ဖြစ်လင့်ကစား သတိမထား ဂရုမပြုမိသော ပစ္စည်းအချို့ မည်မျှပျောက်သည် မသိခဲ့ချေ။

ကျောင်းတွင် PGDMA ဆင်း ဆရာမနှစ်ဦးရှိသည်။  စာသင်ခန်းများသို့ ကွန်ပျူတာ သင်ခန်းစာ ဝင်သင်ချိန်မမှန်သကဲ့သို့ Media ခန်းတွင် လက်တွေ့ ဆင်း၍  သင်ကြား ပြသပေးခြင်းမရှိ။  ကြာတော့ ကျောင်းသားမဆိုထားနှင့် ဆရာ၊ ဆရာမကိုယ်တိုင်ပင် ကွန်ပျူတာ မကိုင်တတ်တော့ပေ။

အဆိုးထဲတွင် အကောင်းရှိသည် ဆိုသကဲ့သို့ လွဲမှားနေမှုများ ဖြစ်နေသည့်ထိုကျောင်းတွင် ထူးချွန်မှုတော့ ရှိသေးသည်။ ၎င်းမှာ ကာယဆရာမလေး၏ မပျက်မကွက် သင်ကြားပေးခြင်း၊   လက်တွေ့ကွင်းဆင်း လေ့ကျင့်ပေးခြင်းတို့ကြောင့် အားကစားပြိုင်ပွဲများ (အထူးသဖြင့်   အသင်းလိုက် ဘောလုံးပြိုင်ပွဲ)တွင် မြို့နယ်အဆင့်၊ တိုင်းအဆင့်အထိ အောင်မြင်မှုရသည်။

ထို့အတူ သိပ္ပံဘာသာရပ်  ဇီဝဗေဒ သင်ကြားပေးသော ဆရာမလေးကလည်း အချိန်မှန်သင်ကြားပေးခြင်း၊ သိပ္ပံလက်တွေ့ခန်း ပုံမှန်ဝင်စေကာ လက်တွေ့သင်ကြား ပြုလုပ်စေခြင်း၊ အချိန်ပိုခေါ်ကာ အထပ်ထပ် သင်ကြား လေ့ကျင့်ပေးခြင်းတို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲတိုင်းတွင် ဇီဝဗေဒဂုဏ်ထူးရ ကျောင်းသားများ ထွက်ပေါ်ခဲ့သည်။

မြန်မာစာဆရာ တစ်ဦးလည်း ရှိသေးသည်။ မြန်မာစာကို  ကလေးများ စိတ်ဝင်စား မြတ်နိုးလာအောင် သင်ကြားပေးသကဲ့သို့  ကျောင်းစာကြည့်တိုက်တွင် ကလေးများ ပုံမှန်ဝင်ရောက်စာဖတ်နိုင်အောင် လမ်းပြ ဆွဲဆောင်ခဲ့သည်။ ကျောင်းအများစုတွင် သင်ကြားမှု အားနည်းသော စာစီစာကုံး၊ ကဗျာရေးသားနည်း တို့ကို ဂရုစိုက်သင်ကြား လေ့ကျင့်ပေးသည်။  ထို့ကြောင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများတွင် ထိုကျောင်းကတပည့်များသည် မြို့နယ်အဆင့်၊ တိုင်း အဆင့်အထိ အောင်မြင်မှုများရသည်။

ကျွန်တော်တို့  အထက်တန်းကျောင်းနှင့် ချိတ်ဆက်ဆောင်ရွက်နေသော အထက်တန်းကျောင်းခွဲ တစ်ကျောင်းရှိသည်။ ထိုကျောင်းတွင် အထက်တန်းပြ အင်အား ပြည့်မီခြင်း မရှိ။ Grade-10  နှင့် Grade-11 ကို အထက်တန်းပြဆရာ၊ ဆရာမ သုံးဦးနှင့်သာ လည်ပတ်အောင် သင်ကြားနေရ၏။ ကျွန်တော်တို့ ပင်မကျောင်းကလည်း မိမိကျောင်း၏ သင်ကြားရေး တာဝန်များကြောင့် ထိုကျောင်းသို့ ကူညီအားဖြည့် မသင်ကြားပေးနိုင်ခဲ့ပါ။ ထို့ကြောင့် ထိုကျောင်းရှိ အထက်တန်းပြဆရာ၊ဆရာမများသည် တစ်ဦးလျှင် နှစ်ဘာသာစီ တာဝန်ယူ၍ အတန်းနှစ်တန်းကို လည်ပတ်အောင် သင်ကြားသော်လည်း အခက်အခဲ အကျပ်အတည်း များစွာကြုံရ၏။ထိုအခါ ဝါရင့်အလယ်တန်းပြ ဆရာတစ်ဦးက ဘာသာ ခွဲဝေယူ၍ အားဖြည့်သင်ကြားရသည်။ ထိုဆရာက  အမှန်စင်စစ်  အဓိကဘာသာ  (Main  Subject) သင်ကြားရေး တာဝန်ရှိသူမဟုတ်ပေ။ တွဲဖက်သင်ရိုးဝင် ကာယပညာသင်ကြားရန် တာဝန်ကျသူသာဖြစ်သည်။သို့သော် သူ၏လေ့လာကြိုးစားမှုဖြင့် အထက်တန်းဆင့် ဘောဂဗေဒ ဘာသာရပ်ကို  Grade-10 နှင့် Grade- 11 တို့၌ တက်ရောက် သင်ကြားပေးနိုင်သူဖြစ်သည်။သူ၏ မူရင်းတာဝန်  ကာယဆရာ လုပ်ငန်းများကိုလည်း မပျက်မကွက် ထမ်းဆောင်နေသည်။ ထိုမျှသာမက အလယ်တန်း ဘာသာရပ်သင်ကြားရေး တာဝန်၊ ကျောင်းစာရေး လုပ်ကိုင်ရမည့် ရုံးလုပ်ငန်း တာဝန်၊ အခါအားလျော်စွာ ဆောင်ရွက်ရသည့် စာမေးပွဲ လုပ်ငန်းတာဝန်များကို   ပူးတွဲလုပ်ဆောင်နိုင်စွမ်း ရှိသူဖြစ်သည်။

တစ်ကျောင်းလုံး၏ ကိစ္စအ၀၀ကို စွမ်းဆောင်ပေးနိုင်သော ထူးချွန်ထက်မြက်သည့် ဆရာတစ်ဦးဖြစ်သည်။ထိုဆရာမျိုး ထိုကျောင်းမှာရှိနေ၍ အစစအရာရာ အဆင်ပြေချောမွေ့ရသည်မှာ ကျွန်တော်တို့ လက်တွေ့ ဖြစ်သည်။ သူသည် ထိုကျောင်း၌ လူမှန်နေရာမှန် အလုပ်မှန်အောင် လုပ်ကိုင်နိုင်သော ဆရာဖြစ်သည်။ ရောက်လာသော ကျောင်းအုပ် အဆက်ဆက် အားကိုးရသူဖြစ်ပြီး ကျောင်း၏ ကောင်းမွန်သော ဂုဏ်သတင်းကိုလည်း ဆောင်နိုင်သူဖြစ်သည်။

ကျွန်တော်တို့ကျောင်းတွင်  တာဝန်ထမ်းဆောင်သော  ကာယဆရာလေးသည်  သူ၏လေ့လာမှုဖြင့် ကွန်ပျူတာ စာစီစာရိုက်လုပ်ငန်းများကို ကျွမ်းကျင်နေသည်။  ထို့ကြောင့်  ကျောင်းတွင် အသုံးပြုသည့် ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ၊ ဘာသာရပ် သင်ကြားရေး စာရွက်စာတမ်းများ၊  မေးခွန်းများ စသည်တို့ကို PGDMA ဆရာမများနှင့် တွဲဖက်လုပ်ကိုင်ပေးနိုင်သည်။ တစ်ခါတစ်ရံ PGDMA ဆရာမများ ခွင့်ယူသည့်အခါ၊ အခြားတာဝန်များနှင့် မအားလပ်သည့်အခါ   ကွန်ပျူတာစာစီစာရိုက် ကိစ္စများကို ထိုကာယဆရာလေးကိုပင် အားကိုးရသည်။ သူသည် ကျွန်တော်တို့ကျောင်းအတွက်  လူမှန်  နေရာမှန် အလုပ်မှန် ဆရာတစ်ဦးဟု ဆိုရမည်။

ကျွန်တော်တို့ကျောင်းတွင် နောက်ထပ် စွမ်းဆောင်ရှင် ဝန်ထမ်းတစ်ဦးရှိသေးသည်။ ဝန်ထမ်းဟုဆိုစေကာမူ အမြဲတမ်းခန့်ထားခြင်း ခံရသော ဝန်ထမ်းတော့မဟုတ်။ ကျောင်းများ၏ လိုအပ်ချက်အရ သက်ဆိုင်ရာ ဌာနခွင့်ပြုချက်ဖြင့် ပုတ်ပြတ်လစာပေး၍ ရွေးချယ် ခန့်ထားသည့် ကျောင်းစောင့်ဝန်ထမ်းဖြစ်သည်။ သူ၏ မူရင်းတာဝန်သည် အစောင့်အလုပ်ဖြစ်သော်လည်း ကျောင်းတွင် လစ်လပ်လျက်ရှိသော ရေစက်မောင်း၏ တာဝန်၊ ရုံးအကူ၏တာဝန်နှင့် အခြားဗာဟီရတာဝန်များကိုပါ စိတ်ထားကောင်း၊ စေတနာကောင်းဖြင့် မညည်းမညူ ဆောင်ရွက်ပေးနေသည်။ကျောင်းတွင် ပေါ်ပေါက်သိရှိလာသော အရေးကိစ္စမှန်သမျှကို ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား အသိ ပေးခြင်း၊  တတ်စွမ်းသမျှ  ဆောင်ရွက်ပေးခြင်းတို့ဖြင့်  ဝန်ထမ်းကောင်းပီသစွာ  ကူညီပေးနေသူဖြစ်သည်။

ကျောင်းများတွင်ဖြစ်စေ၊ ရုံးများတွင်ဖြစ်စေ သက်ဆိုင်ရာ ဝန်ထမ်းများခန့်ထား၍ တာဝန်ထမ်းဆောင်စေလျက်ရှိသည်။ ခြွင်းချက်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့်  ဝန်ထမ်းအင်အားမပြည့်မီသော နေရာများတော့  အနည်းငယ်ရှိသည်။ မည်သို့ပင် ဖြစ်စေ မိမိတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်သော ဝန်ထမ်းများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခြင်း၊ တိုးတက်မှု ရှိသင့်သလောက် မရှိခြင်းများသည် မဖြစ်သင့်သော ကိစ္စရပ်များဖြစ်သည်။    ဝန်ထမ်းအင်အား မပြည့်မီဘဲရှိရာ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းများပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည့်  ထက်မြက်ဝန်ထမ်းတို့၏ ကြိုးစားမှု၊ တာဝန် သိမှု၊  တာဝန်ကျေမှုတို့သည်  ချီးကျူးဂုဏ်ပြုစရာ ဖြစ်သည်။

 မည်သည့်လုပ်ငန်းတာဝန်ဖြစ်စေ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝစွာ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်သူသာလျှင် လူမှန် နေရာမှန် အလုပ် မှန်သူဟု သတ်မှတ်နိုင်ပေသည်။ ထိုသို့သတ်မှတ်နိုင်အောင် ကြိုးစားရမည့်တာဝန်သည်လည်း  နိုင်ငံသား ကောင်းတို့၏ တာဝန်ပင်ဖြစ်ပါသည်။  ။                  

ညွန့်ဝင်း (နတ်တလင်း)