ပြည်ပတင်ပို့ရာတွင် လမ်းခရီးအခက်အခဲနှင့် ဈေးနှုန်းကျဆင်းမှုတို့ကြောင့် မကွေးတိုင်းဒေသကြီး အတွင်း ယခုနှစ်တွင် သခွားမွှေးစိုက်ပျိုးမှု လျော့နည်းနိုင်

မကွေး၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် သခွားမွှေးစိုက်ရာသီတွင် နှစ်စဉ်စိုက်ပျိုးနေကျ ဧက၏ ငါးပုံတစ်ပုံခန့်သာ စိုက်ပျိုးနိုင်ကြောင်း မကွေးတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်း၏ ပြောပြချက်အရ သိရသည်။

“နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေက မကွေးတိုင်းဒေသကြီးအတွင်း သခွားမွှေးစိုက်တဲ့ လတွေဖြစ်ပြီး တရုတ်နိုင်ငံကို သွားရောက်ရောင်းချရမယ့် လမ်းခရီးခက်ခဲတာ၊ ခရီးစဉ်အတွင်း အသီးအရည်အသွေး ကျဆင်းတာနဲ့ ဈေးကောင်းမရတာတွေကြောင့် ဒီနှစ်ရာသီမှာ သခွားမွှေးစိုက်ပျိုးမှု လျော့နည်းနိုင်ပါ တယ်။ ပုံမှန်ဆိုရင် မကွေးတိုင်းဒေသကြီးမှာ စိုက်ဧက ၇၀၀ နဲ့ ၁၀၀၀ ကြားလောက်ရှိတာ၊ ဒီနှစ် ဧက  ၁၀၀ ထက် မရှိနိုင်ပါဘူး” ဟု   ဦးကျော်မင်းက ပြောသည်။

ယခင်နှစ် သခွားမွှေးစိုက်ရာသီက အသီးအထွက်နှုန်းနည်းခဲ့သည့် အပြင် ရုတ်တရက် ဈေးကျဆင်းခဲ့ သဖြင့် ဈေးကောင်းမရဘဲ  သီးနှံတင်ဆောင်သော ယာဉ်ငှားခများလည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သခွားမွှေးစိုက်တောင်သူများသည် တခြားသီးနှံများဖြစ်သော မြေပဲ၊ ကုလားပဲ စသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးနေသဖြင့် သခွားမွှေးစိုက်ပျိုးမှု လျော့နည်းနိုင်ကြောင်း ခန့်မှန်းထား ပြီး အစိုက်နည်းသောကြောင့် အသီးအထွက်နှုန်းနည်းကာ ဈေးကောင်းရရှိနိုင်ကြောင်း မူဆယ်(၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်သက်ဦးက ခန့်မှန်းထား သည်။           

အောင်ကြီး(မြဝတီ)