ပြန်လှည့်စေချင် မိဘရင်ခွင်

“ရေ၏အတိမ်အနက်ကို ကြာရိုးကိုကြည့်၍သိနိုင်၏။ အမျိုးယုတ်၊ မြတ်မှုကို ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကြည့်ခြင်းအားဖြင့် သိနိုင်၏။ ပညာရှိ၊ မရှိကို ပြောဆိုသူ၏စကားကိုကြား၍ သိနိုင်၏။ မြေကောင်း၊ မကောင်းကို မြက်ပင်၏ အခြေအနေကိုကြည့်၍ သိနိုင်၏” ဟု ပညာရှိများ မိန့်ဆိုထားခဲ့ပါသည်။

မြန်မာ့ယဉ်ကျေးမှု သမိုင်းတစ်လျှောက်တွင် ရှေးပျူခေတ်မှစ၍ ပြည်ထောင်စုနွယ်ဖွား တိုင်းရင်းသားတို့သည် ဘုရားရှင် ဟောကြားခဲ့သော တရားတော် အဆုံးအမများဖြင့် ကြီးပြင်းလာခဲ့ကြသည်။ ပညာရှိတို့၏ စကားများကို  လေးစားလိုက်နာခဲ့ကြသည်။ ဘာသာကိုးကွယ်ဆည်းကပ်မှု၊ လောကီရေးကျင့်သုံးဆောက်တည်မှု၊ လောကုတ္တရာ လွတ်မြောက်ရေးများကို ဘုန်းတော်ကြီး ကျောင်း များ၌ သင်ကြားကြရပြီး လိုက်နာကျင့်သုံးခဲ့ကြသည်။ ထို့ကြောင့် မြန်မာတို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားစွာ ကမ္ဘာ့အလယ် တင့်တယ်ထည်ဝါ၍  ဇာတိပုညဂုဏ်မာနဖြင့် မြန်မာနိုင်ငံ - မြန်မာတိုင်းရင်းသားလူမျိုးများအဖြစ် ရပ်တည်ခဲ့ကြသည်။

ရှေးမြန်မာမင်းများဖြစ်ကြသော ပုဂံခေတ်အနော်ရထာ၊ ကျန်စစ်သား၊  အလောင်းစည်သူ၊ ဟံသာဝတီခေတ် ဘုရင့်နောင် မင်းတရား လက်ထက်များကပင် အာသံမဏိပူရ၊ သီဟိုဠ်၊ ယိုးဒယား၊ ယူနန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေးများရှိခဲ့သည်။ မြန်မာ့ဂုဏ်ရှိန်များ အိမ်နီးချင်းနိုင်ငံများထိ လွှမ်းမိုးနိုင်ခဲ့သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူချိန်မှစ၍ ကုန်းဘောင် ခေတ်တွင် အနောက် နိုင်ငံသားများနှင့်ပါ ဆက်ဆံလာရသည်ဖြစ်၍ မြန်မာနိုင်ငံ တိုင်းတစ်ပါးသား နိုင်ငံခြားသားတို့ လက်အောက် ကျရောက်ခဲ့ရသည်။ ထိုအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုများမှာ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်ခဲ့ရကာ လောကဓာတ်ပညာများ တစ်ရှိန်ထိုးသင်ကြားလာခဲ့ကြရသည်။

သီပေါမင်းပါတော်မူစဉ်က အိန္ဒိယသို့ခေါ်ဆောင်သွားစဉ် ကာနယ်စလေဒင်ထံ စာရင်းဇယားနှင့် အပ်ခဲ့သော နန်းစဉ်ရတနာ - ကျောက် မျက် ရတနာပစ္စည်းများကို ပြန်လည်ပေးအပ်ရန် ရတနာဂီရိရောက်သော် သီပေါဘုရင်က တောင်းဆိုခဲ့သည်။ သို့သော် အင်္ဂလိပ် တို့က မြန်မာနိုင်ငံသည် ဗြိတိသျှပြည့်ရှင် ဧကရီဘုရင်မကြီး၏ နိုင်ငံတွင် ပါဝင်သွားပြီဖြစ်၍ ပေးအပ်နိုင်မည်မဟုတ်ပါ။ ဘုရင့်အနေနှင့် ပေးဆပ်စရာကြွေးမြီများနှင့်ထေမည်ဟုသာ အကြောင်းကြားခဲ့ပါသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ဘုရင်နှင့်မိသားစု ယူဆောင် မသွား၍ ကျန်ရှိခဲ့သော နန်းတော်ထဲရှိ ရတနာပစ္စည်းများနှင့် သယ်ယူရွှေ့ပြောင်းနိုင်သောပစ္စည်းအ၀၀ကို ဗိုလ်ချုပ်ကြီး ပရင်းဒါး ဂတ်စ်၏ အမိန့်ဖြင့် သုံ့ပန်းပစ္စည်းအဖြစ် သိမ်းယူသွားခဲ့သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က ၁၈၂၄ ခုနှစ်မှစ၍ ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၃ ရက်နေ့အထိ နှစ်တစ်ရာကျော် ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်အုပ်ချုပ်ခဲ့ပါသည်။ မြန်မာပြည်မှ ကျွန်းသစ်၊ သစ်ရာ၊  အင်ကြင်း၊  ပျဉ်းကတိုး  စသည့်တန်ဖိုးရှိ သစ်တောထွက်ပစ္စည်းများ၊ တွင်းထွက်ရတနာများ၊ ဓာတ်သတ္တုများ၊ တန်ဖိုးကြီးလှသည့် ပတ္တမြားငမောက်အပြင် တန်ဖိုးကြီး ရတနာများဖြစ်ကြသော နီလာ၊ ကျောက်စိမ်းစသည့် ရတနာများစွာတို့ကို အင်္ဂလန်သို့ မတရား ယူဆောင်သွားခဲ့ကြသည်။ သူ့ကျွန်ဘဝနှင့် ဆုံးရှုံးမှုများစွာကို မြန်မာတို့ ခါးစည်းခံခဲ့ရပေသည်။ ဤအကြောင်းအရာများကို  ရန်ကုန် တက္ကသိုလ်တွင် ရာဇဝင်ပါမောက္ခအဖြစ် အမှုထမ်းသွားခဲ့သော ဆရာကြီး ဒဘလျူအက်စံဒေဆိုင်း မူရင်းရေးခဲ့၍ ဆရာ တက္ကသိုလ်စိန်တင် ပြန်ဆိုရေးသားခဲ့သော  “အကျဉ်းစံသီပေါ” မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။ တိုင်းတစ်ပါးလက်အောက် သူ့ကျွန်ဘဝ ရောက်၍ ခြယ်လှယ်သမျှခံခဲ့ရပေသည်။

အင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလတစ်လျှောက်လုံး မြန်မာနိုင်ငံကို အမျိုးဘာသာ၊ သာသနာ၊ ပညာကို ချိုးနှိမ် ဖိနှိပ်ကာ မြန်မာတို့၏ ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ စပါး၊ ကောက်ပဲသီးနှံ၊ ရေနံ၊ ကျွန်းသစ်၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်ရှိ မြန်မာ့အဆီအနှစ် သယံဇာတ ပစ္စည်းများကို ပင်လယ်ကူးသင်္ဘောအစင်းစင်းဖြင့် အင်္ဂလန်သို့ သယ်ယူသွားကြသည်။ သူ့ကျွန်ဖြစ်သည်နှင့် အယူဝါဒ အမျိုးမျိုးလည်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများ ခြယ်လှယ်အုပ်စိုးခဲ့ကြသည်။ သိမ်မွေ့ ယဉ်ကျေးခဲ့သော မြန်မာ့လူ့ဘောင်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုများ ယိမ်းယိုင်တိမ်းစောင်းမှေးမှိန်လာစေခဲ့သည်။ လူငယ်များတွင် ဂါရဝ အရိုအသေပေးမှု၊ နိဝါတနှိမ့်ချပြောဆိုမှု(သောဝစဿတာ) ပြောဆိုဆုံးမလွယ်ကူမှု စသောကောင်းမြတ်တရား မင်္ဂလာတရား များနှင့် အရှက်၊ အကြောက် (ဟီရိ၊ သြတ္တပ္ပ) ဟူသော လောကပါလတရားများ ခေါင်းပါးလာကြရုံမျှမက အမျိုးဘာသာ သာသနာ ချစ်စိတ်များပါ ခေါင်းပါးပျက်ယွင်းခဲ့ပါသည်။

ထိုအခြေအနေတွင် တိုင်းချစ်ပြည်ချစ်လွတ်လပ်ရေးကို မြတ်နိုးသော ဘိုးဘွားများက အင်္ဂလိပ်ကိုလိုနီလက်မှ အသက်၊ သွေး၊ ချွေးပေးအပ်၍ အခက်အခဲကြားများစွာရင်ဆိုင်ကာ လွတ်လပ်ရေးကိုအရယူခဲ့၍ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအလံကို ပြန်လည်လွှင့်ထူနိုင်ခဲ့သည်။ ဘိုးဘွားတို့ယူပေးခဲ့သော လွတ်လပ်ရေးကို အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက် ရန်မှာ မြန်မာတိုင်းရင်းသား အားလုံး၏ မွေးရာပါတာဝန်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ အချုပ်အခြာအာဏာပိုင်အဖြစ် ရပ်တည်နိုင်ရန် မိမိနိုင်ငံတွင် မွေးဖွားကြီးပြင်းလာသည့် တိုင်းရင်းသားလူမျိုးတို့၏ အချင်းချင်းစည်းလုံးညီညွတ်ကာ အေးအတူပူအမျှ တွေ့ကြုံလာရမည့် အန္တရာယ်ဟူသမျှကို တွန်းလှန်မည်ဟူသော နိုင်ငံကို ချစ်သောစိတ်၊ အမျိုးကိုချစ်သောစိတ်များရှိရန် လိုအပ်ပါသည်။

“နိုင်ငံချစ်စိတ်၊ အမျိုးသားချစ်စိတ်ဓာတ် မလိုအပ်ပါ”ဟုဆိုလျှင် ကမ္ဘာမြေပေါ်တွင် မြန်မာနိုင်ငံဟု ထင်ပေါ် ဝံ့ကြွားနိုင်မည်မဟုတ်ပါ၊ နိုင်ငံ၊ လူမျိုးကွယ်ပျောက်သွားပေလိမ့်မည်။ ယနေ့မြန်မာ့ လူမှုပတ်ဝန်းကျင်တွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဟူသော စကား လုံးများ အသုံးပြုကာ လျင်မြန်လွန်းလှသော နည်းပညာခေတ်နှင့်အမီလိုက်ကာ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် ရိုးရာ ယဉ်ကျေးမှုများ ဆုံးရှုံးနစ်နာခဲ့ရသည်။ ထို့ကြောင့် သံဃာနှင့်ဒကာ၊ မိဘနှင့်သားသမီး၊ လူကြီးနှင့်လူငယ်၊ ဆရာနှင့်တပည့်၊ ညီအစ်ကို မောင်နှမ စသည့်လူမှုဆက်ဆံရေးနယ်ပယ်များကို ဆိုးရွားအကျည်းတန်လာစေခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုနှင့်မဆီလျော်သော  အနောက်တိုင်းယဉ်ကျေးမှု၊  အရှေ့တိုင်းယဉ်ကျေးမှုများကို ပုံတူကူးချလာခဲ့ကြသည်။  ထို့ကြောင့်  အတွေးအခေါ် အယူအဆများ ပြောင်းလဲလာကာ ယခင်က မကြားမမြင်၊ မတွေ့မသိခဲ့ရသော အဖြစ်အပျက်များ၊ မှုခင်းများကို တွေ့လာရတော့သည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုသည်များမှာ ကမ္ဘာ့နိုင်ငံသား အားလုံးအတွက်ဆိုသော်လည်း မိမိနိုင်ငံသမိုင်းနောက်ခံ၊ ပထဝီအနေအထား ရိုးရာဓလေ့ ထုံးတမ်း ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေမှုရှိရပါမည်။ အခြားနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်တို့သည် မြန်မာနိုင်ငံ အနေအထားဖြင့် တစ်ထပ်တည်းမကျနိုင်ပါ။ ကွဲပြားနေပါလိမ့်မည်။ နိုင်ငံကိုချစ်သော၊ အမျိုးကိုချစ်သော အမျိုးသား ရေးစိတ်ဓာတ်၊ အမျိုးသားရေးစရိုက်လက္ခဏာကို ဤနိုင်ငံတွင် မွေးဖွားကြီးပြင်းသော လူတိုင်းအတွက် လွန်စွာတန်ဖိုးထား ထိန်းသိမ်း ရမည်ဖြစ်သည်။ ဤမြေမှာမွေး ဤမြေမှာကြီး ပညာတတ်ဖြစ်၍ နိုင်ငံခြားတွင် ဘွဲ့လွန်ပညာယူပြီး မိမိပညာသည် ဤနိုင်ငံ၌ အသုံးမဝင်၊ မကြီးပွားဟု စိတ်ဓာတ်များဝင်နေပါလျှင် ထိုသူသည် နိုင်ငံကို ကျေးဇူးကန်းသူ၊ သစ္စာဖောက်သူဖြစ်ပါသည်။ မိမိအတတ် ပညာဖြင့် မိမိနိုင်ငံကျေးဇူးကို ဆပ်သင့်သည်မဟုတ်ပါလား။

အချို့သောပညာတတ်များ “မြန်မာတို့ဆင်းရဲသည် မတိုးတက်၊ ငါတတ်တဲ့ပညာ ရတဲ့ငွေကြေးနဲ့ မတန်” ဟု အပြစ်တင်ကာ မိမိနိုင်ငံမှ ဖယ်ခွာ၍ နိုင်ငံခြားသို့ ပြောင်းရွှေ့သူများ ရှိနေကြပါသည်။ မိမိမြန်မာနိုင်ငံတိုးတက်အောင်၊ ဆင်းရဲတွင်းမှ ကင်းလွတ်အောင်   အတတ်ပညာရှင် အသီးသီးအသိပညာရှင်များနှင့် လူတန်းစားအလွှာအသီးသီးတို့ စုပေါင်းစည်းလုံးကာ လုပ်ဆောင်ဖို့လိုအပ်ပါသည်။ သူလုပ်တာမကောင်းဘူး။ သူကြံတာမကောင်းဘူးဟု အပြစ်ပုံချနေပါလျှင် အချိန်နှောင့်နှေးကာ ရှေ့သို့မရောက်နိုင်ပါ။

ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးနွယ်စု ၁၃၅ မျိုးဖြင့် ဖွဲ့စည်းထားပါသည်။ ၁၃၅ မျိုးသော နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၃ တွင် အတိအလင်း ဖော်ပြထားသည်ကို သတိထား၍ နိုင်ငံသူ/နိုင်ငံသားတိုင်း အလေးအနက် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရပါမည်။ နိုင်ငံသားတိုင်း နိုင်ငံအပေါ်သစ္စာရှိပြီး မိမိနိုင်ငံကိုချစ်ကာ နိုင်ငံတော်က ချမှတ်ထား သော ဥပဒေများကို လိုက်နာကြရပါမည်။

လူတိုင်းအဖို့ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေ၊ ကိုယ့်ဇာတိ၊ ကိုယ့်မိဘဆွေမျိုးသားချင်းရှိရာ မေတ္တာရိပ်မြုံဖြစ်၍ နွေးနွေးထွေးထွေး မေတ္တာ အပြည့်ရှိပါသည်။ နေမကောင်းမကျန်းမာရင် ကိုယ့်မိဘ ညီအစ်ကိုမောင်နှမများက ကိုယ်ဖိရင်ဖိပြုစုမှာပါ။ အင်အားချည့်နဲ့လျှင် ဖေးမကူညီကြပေမည်။

“အကြောင်းအမျိုးမျိုးကြောင့် နေရာအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်” ဟူသော နိုင်ငံတော်က ပြန်လည်ဖိတ်ခေါ်နေသည်ကို သတင်းစာနှင့် သတင်းများတွင် နေ့စဉ်တွေ့ နေရပါသည်။ မိဘမည်သည် သားသမီး ကောင်းမှ၊ သားသမီးဆိုးမှဟူ၍ ရွေးချယ်ခွင့်မရှိပါ။ အားလုံးကို လက်ခံရပါသည်။ နိုင်ငံတော်မှ မိဘပီသစွာ မိမိသားသမီးများကို ပြန်လည်ခေါ်နေပါသည်။ “ဖြစ်စဉ်ကာလအတွင်း CDM လှုပ်ရှားမှုများတွင် ဆိုးဝါးစွာတိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ ထွက်ပြေးတိမ်းရှောင်နေသည့် ဝန်ထမ်းများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အခြား နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်” ဟု ပါရှိပါသည်။ မိမိလုပ်ရပ်ကို မိမိသာသိပါသည်။ တိုင်းပြည်ကိုချစ်ပါလျှင် ပြန်လာကြပါ။ မလုံခြုံသည့်ဘဝ၊ မအေးချမ်းသည့်ဘဝအခြေမှ အေးချမ်းလုံခြုံသည့် ဆွေမျိုးမိဘ အသိုင်းအဝိုင်းအရိပ်သို့ ပြန်လည်ဝင်လာကြပါဟု တိုက်တွန်းလိုပါသည်။ သင်တို့၏အသိပညာ၊ အတတ်ပညာ၊ အတွေး အခေါ်၊ ကာယနှင့် ဉာဏလုပ်အားများသည် နိုင်ငံအတွက် လိုအပ်နေပါသည်။ မိဘညီအစ်ကို မောင်နှမဆွေမျိုးတွေ မျှော်နေကြပါပြီ။ တရုတ်ပြည်ခေါင်းဆောင် တိန့်ရှောင်ဖိန်သည် နိုင်ငံခြားမှ တရုတ်ပညာရှင်များကို ၎င်းတို့အတွက် လုပ်အားခနည်းသော်လည်း မိမိနိုင်ငံတည်ဆောက်ရန် လိုအပ်သည်ဖြစ်၍ အမိတိုင်းပြည်သို့ ပြန်လာရန်ဖိတ်ခေါ်ခဲ့သည်။ ပညာရှင်များက လာရောက်ကာ မိမိတိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ တရုတ်တို့ ကမ္ဘာတွင် ထိပ်တန်းရပ်နိုင်သည်ကို နမူနာယူသင့်ပါသည်။ ကဗျာ ဆရာမ ငွေတာရီသည် ခင်ပွန်းသည်ဖြစ်သူ ဆရာမင်းယုဝေ ပညာသင်ရာ အင်္ဂလန်သို့အတူ လိုက်ပါသွားခဲ့သည်။ အင်္ဂလန်နှင့် အနောက်နိုင်ငံတို့၏ ခေတ်မီတိုးတက်ဖွံ့ဖြိုးမှုကို မြင်တွေ့ရသောအခါ မိမိနိုင်ငံအတွက် “သာသည့်မြေသို့” ဟူသောကဗျာကို ရေးခဲ့ပါသည်။ ဆရာမကြီး၏ကဗျာတွင် သူတစ်ပါးနိုင်ငံတိုးတက်သည့်နည်းတူ မိမိနိုင်ငံကိုလည်း တိုးတက်စေလိုသော စေတနာများ ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတိုင်းရင်းသားတိုင်း မိမိနိုင်ငံမိမိမိသားစုများကို ချစ်ကြပါသည်။ ဆင်ခြင်စဉ်းစား အတွေး မဝေဝါးဘဲ ပြန်လာကြစေလိုသည်။ “ပျက်အစဉ်ပြင်ခဏမို့ တစ်သက်တွင် ဘဝင်လန်းရအောင် လူသစ်စိတ်သစ်ဖြင့် နိုင်ငံကောင်းဖို့ သူ့မြေမှာ ဖြူပြာပွင့်ရင် ကိုယ့်မြေမှာ နီဝါတင့်အောင် အကျိုးတူ ပေါင်းဖက်ဆောင်ရွက်ပေးကြပါစို့” ဟု ဖိတ်ခေါ်ရင်း ဆရာမကြီး ငွေတာရီ၏ ကဗျာတစ်စိတ်တစ်ပိုင်းကို ဖော်ပြဂါရဝပြုလိုက်ပါသည်။

ကျက်သရေ တက်နေဝင့်အောင်လ

ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့

သူ့ခြံမှာဖြူပြာပွင့်ရင်ဖြင့်

ငါ့မြေမှာ နီဝါတင့်ရမပေါ့

အခွင့်အခါမျှော်လို့

ဥယျာဉ်တော်သာယာရေးကိုလ

ရှုမြင်မျှော်ကာ အခါခါတွေးပါလို့

မနှေးပင် အားအင်ထုတ်လို့ရယ်

ပေါင်းနုတ်ဖို့ခဲ...။

မြန်မာပြည်ငြိမ်းချမ်းစေဖို့- မြန်မာတွေတိုးတက်စေဖို့...

မေမြန်မာ(နေပြည်တော်)