အရိုင်းမှအယဉ် သို့မဟုတ် တာဝန်ကျေတဲ့မြစ်တစ်စင်း

ရင်းနှီးခင်မင်ရတဲ့ မိတ်ဆွေတွေကို လိုက်ပို့ရင်း ပေါင်းလောင်းမြစ် ဆိပ်ကမ်းသာအပန်းဖြေစခန်းကို ရုံးပိတ်ရက်တစ်ခုမှာ ရောက်ခဲ့ပါ တယ်။ ပေါင်းလောင်းမြစ်ဟာ ရှမ်းရိုးမတောင်စွယ်တွေပေါ်က မြစ်ဖျားခံခဲ့ပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ကြည်လင်တဲ့ ရေလျဉ်ဖြင့် တသွင်သွင်စီးဆင်းနေသော လှပတဲ့မြစ်တစ်စင်းအဖြစ် တွေ့ရပါတယ်။ မြစ်အောက်ပိုင်းကို သုံးမိုင်လောက် စီးဆင်းပြီးတဲ့ နောက်မှာ ဆင်သေချောင်း၊ ငလိုက်ချောင်းတို့နဲ့ပေါင်းဆုံပြီး စစ်တောင်းမြစ်အဖြစ် မုတ္တမပင်လယ်ကွေ့ထဲကိုစီးဆင်းသွားပါတယ်။

တစ်နှစ်ပတ်လုံးရေစီးတဲ့အတွက် မြစ်လို့ခေါ်ကြပေမယ့် မကျယ်လှတဲ့မြစ်ပါ။ အခုတော့ ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း အတွက် တည်ဆောက်ခဲ့တဲ့ ပေါင်းလောင်းတမံကြောင့် ပိုလှပြီးပိုအသက်ဝင်တဲ့ မြစ်တစ်စင်းဖြစ်နေခဲ့ပါပြီ။ ဒါတင်မက ပျဉ်းမနားမြို့ နယ် ဇီးဖြူပင်ရွာနားမှာ ရေလွှဲဆည်တည်ဆောက်ပြီး စိုက်ပျိုးရေပေးနိုင်ခဲ့တဲ့အတွက် တာဝန်ကျေတဲ့မြစ်တစ်စင်းလည်းဖြစ်ပါတယ်။

နွေရာသီရောက်နေပြီမို့ သစ်ပင်တွေအရွက်ကြွေပြီး ဖြတ်သန်းသွားရာလမ်းတစ်လျှောက်လုံး ခြောက်သွေ့နေပါတယ်။ ပေါင်းလောင်း မြစ်ကို ဘွားခနဲ တွေ့လိုက်ရချိန်မှာတော့ ပူပြင်းခြောက်သွေ့နေတာတွေကို မေ့ပျောက်သွားရလောက်အောင် မြစ်ကမ်းတစ်လျှောက် ကြည်လင်နေတဲ့ရေပြင်နဲ့အတူ စိမ်းစိုနေတဲ့သစ်ပင်တွေကို တွေ့မြင်ရပါတယ်။ မနက်ပိုင်းမို့ အပူမပြင်းသေးဘဲ ကြည်လင် တောက်ပ နေတဲ့ နေရောင်အောက်မှာ ရှုခင်းတွေကသာယာလွန်းလှပါတယ်။

အပေါ်မှာ နေဘယ်လောက်ပဲပူနေနေ ပေါင်းလောင်းရေကတော့ အေးစိမ့်လျက်ပါပဲ။ အရင်ကသိခဲ့တဲ့ ပေါင်းလောင်းမြစ်က မိုးရာသီမှာ ရေကြီးတယ်။ ကမ်းပါးပြိုတယ်။ စိုက်ခင်းတွေရေနစ်တယ်။ ရှုခင်းကြည့်ရင်း ကျွန်မတို့လမ်းလျှောက်ခဲ့တဲ့ မြစ်ကူးတံတားလေးဟာ လည်း နှစ်စဉ်ရေတိုက်စားလို့ မကြာခဏပျက်စီးပါတယ်။ မိုးတွင်းမှာဒေါနဲ့မာန်နဲ့ ကမ်းပါးတွေကို တိုက်စားစီးဆင်းခဲ့တဲ့မြစ်ရေက နွေရောက်ရင် ခြေသလုံးတစ်ဝက်သာသာပဲ ရှိပါတော့တယ်။ နေပြည်တော်ဒေသတစ်ခုလုံးဟာ ခြောက်သွေ့နေတဲ့အတွက် အမြဲစီး နေတဲ့ ဒီရေစီးကြောင်းလေးထဲမှာ သင်္ကြန်တွင်းရေကစားလာကြပါတယ်။ ရေနည်းတဲ့အတွက် ပတ်ဝန်းကျင်ကလည်း အခုလောက် စိမ်းစိုမနေသလို ဧည့်သည်လည်း အခုလောက်မများပါဘူး။

၁၉၉၆ ခုနှစ်မှာ ပေါင်းလောင်းတမံ စတင်တည်ဆောက်ခဲ့ပါတယ်။ မိုးတွင်းမှာ ပရမ်းပတာစီးဆင်းပြီး အလဟဿ ကုန်ဆုံးသွားတဲ့ ရေတွေကို ထိန်းထားလိုက်ပါတယ်။ ဒီတမံထဲမှာ လှောင်ထားတဲ့ရေတွေကို ရေအားလျှပ်စစ်စက်ရုံထဲ ဖြတ်စီးစေပြီး လျှပ်စစ်ထုတ်ပါ တယ်။ လျှပ်စစ်ထုတ်ပြီး စက်ရုံက ထွက်လာတဲ့ရေတွေကို မူလမြစ်ကြောင်းအတိုင်း ပြန်ထုတ် လိုက်ပါတယ်။  လျှပ်စစ်ထုတ်လိုက်တဲ့ အတွက် ရေပမာဏကို မထိခိုက်သလို ရေအရည်အသွေးကိုလည်း မထိခိုက်ပါဘူး။ ရေစီးနဲ့အတူပါလာနေကျ အမှိုက်သရိုက်တွေကို လည်း ရေအားလျှပ်စစ် စက်ရုံထဲမရောက်ခင် သန့်ရှင်းဖယ်ထုတ်ပြီးသားမို့ ရေဟာပိုပြီးကြည်လင်သန့်ရှင်းပါတယ်။ မြစ်အပေါ်ပိုင်းမှာ လူနေအိမ်ခြေကျဲပါးတာကြောင့် နဂိုသန့်ရှင်းတဲ့ရေလည်းဖြစ်ပါတယ်။ ရေအားလျှပ်စစ်စက်ရုံတည် ထားတဲ့အတွက် ရေကိုအကျိုးရှိ အောင် သုံးစွဲရာရောက်ပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှု ပိုရှိလာတယ်ဆိုတာ လက်တွေ့ပါပဲ။

ကျည်တောင်နဲ့ သာယာဝှမ်းရွာနှစ်ရွာကို ဆက်ထားတဲ့ တံတားပေါ်ကကြည့်ရင် ကြည်လင်ပြီး တငြိမ့်ငြိမ့်စီးဆင်းနေတဲ့   ပေါင်းလောင်း မြစ်ရေလျဉ်ကို စိမ်းလန်းနေတဲ့ရေမှော်ပင်တွေနဲ့အတူ အောက်ကြမ်းပြင်အထိ မြင်တွေ့ရပါတယ်။ ရေထဲမှာမြူးတူးပျော်ပါးနေတဲ့ ကလေးတွေကိုလည်း စိတ်ချမ်းမြေ့စရာမြင်တွေ့ရပါတယ်။ လှေခွင်းတောင်ဘုရားနဲ့ ပေါင်းလောင်းတမံကိုလည်း တံတားပေါ်ကနေ မြင်တွေ့နိုင်ပါတယ်။ ပေါင်းလောင်းမြစ်ကမ်းနံဘေး ဝဲယာနှစ်ဖက်လုံးမှာ အပန်းဖြေစခန်းတွေနဲ့ စည်ကားနေပြီး ဧည့်သည်တွေ လာတာနဲ့အမျှ ဒေသဖွံ့ဖြိုး တိုးတက်လာတာကိုလည်း သိသိသာသာ မြင်တွေ့နေရပါတယ်။ အခုဆိုရင် အပန်းဖြေစခန်းကိုးခုနဲ့ အနယ်နယ် အရပ်ရပ်က အလည်လာကြတဲ့သူတွေကို လူရောစိတ်ပါ အပန်းပြေအောင် ဝန်ဆောင်မှုပေးနေကြပါပြီ။ အရိုင်းဆန်တဲ့ ရေတွေကို ယဉ်ကျေးအောင် ပြုပြင်လိုက်နိုင်တဲ့အခါ ရေအရင်းအမြစ်တစ်ခုကနေ လျှပ်စစ်နဲ့အတူ ကောင်းမွန်တဲ့ သဘာဝ ပတ်ဝန်းကျင်ကို ရရှိခဲ့ပါတယ်။ ကြည်လင်အေးမြတဲ့ ရေလျဉ်ဟာ လူတွေကိုစိတ်ချမ်းမြေ့စေရုံသာမက အသုံးချတတ်ရင် ဒေသရဲ့ စီးပွားရေး၊ လူမှုရေးတွေအပါအဝင် လိုချင်တာတွေအကုန်ရနိုင်ပါလားလို့ သုံးသပ်မိပါတယ်။

အရင်က မိုးတွင်းမှာ ငလိုက်ချောင်းနဲ့ပေါင်းပြီး စစ်တောင်းမြစ်အဖြစ် မုတ္တမပင်လယ်ထဲရောက်အောင် အရိုင်းဆန်ဆန် စီးဆင်းသွားတဲ့ ပေါင်းလောင်းမြစ်ရေတွေကို  နှမြောမိခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ပေါသလောက် အလဟဿဖြစ်သွားရတဲ့ ရေချိုအရင်းအမြစ်တွေ အများကြီးဖြစ်နေတာကို စဉ်းစားမိတဲ့အတွက် စိတ်ထဲမှာမချင့်မရဲ ဖြစ်ခဲ့ရပါတယ်။ ပေါင်းလောင်း ရေလှောင်တမံတည်ဆောက်ပြီး  ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းနဲ့ လျှပ်စစ်ထုတ်တော့မယ်လို့သိရတော့ အလွန်ဝမ်းသာမိပါတယ်။ ပေါင်းလောင်းဟာ  အရိုင်းဆန်တဲ့ မြစ်တစ်စင်းမဟုတ်တော့ဘဲ လူသားအကျိုးပြုမြစ်တစ်စင်း၊ တာဝန်ကျေတဲ့ မြစ်တစ်စင်းဖြစ်လာတော့မှာပေါ့လို့ တွေးမိ ပါတယ်။

ပေါင်းလောင်းမြစ်ပေါ်မှာ အထက်ပေါင်းလောင်း၊ အလယ်ပေါင်းလောင်းနဲ့ အောက်ပေါင်းလောင်းဆိုပြီး စက်ရုံသုံးခု တည်ဆောက်ဖို့ လျာထားပါတယ်။ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ပျဉ်းမနားမြို့နဲ့ ၂၆ မိုင်အကွာ ပေါင်းလောင်း မြစ်ပေါ်မှာ တည်ရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့တဲ့ RCC ကွန်ကရစ် တမံ အမျိုးအစား ဖြစ်ပါတယ်။ စက်တပ်ဆင်အင်အားမှာ ၇၀ မဂ္ဂါဝပ်အင်အားရှိ စက်နှစ်လုံး စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ရှိပါတယ်။ စက်ရုံကနေ ၂၃၀ ကေဗွီဓာတ်အားလိုင်းနဲ့ နန်ချိုစက်ရုံ Switchyard ကို ပို့လွှတ်ပြီး နန်ချိုစက်ရုံ ထုတ်လုပ်ဓာတ်အားနှင့် ပေါင်းပြီး   ပေါင်းလောင်းစက်ရုံ Switchyard မှ တစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ပါတယ်။ အောက်ပေါင်းလောင်းစက်ရုံကို ၂၀၀၅ ခုနှစ် ဧပြီ ၁၈ ရက်မှာ စတင် လည်ပတ်ခဲ့ပြီး စက်တပ်ဆင်အင်အားကတော့ ၂၈၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။ ထုတ်လုပ်ဓာတ်အားကိုလည်း ပျဉ်းမနား ခွဲရုံသို့ ပို့လွှတ်ပါ တယ်။

လက်ရှိအချိန်မှာ ပေါင်းလောင်းမြစ်ပေါ်မှာ စက်ရုံနှစ်ရုံ တည်ဆောက်ပြီးစီးသွားပါပြီ။ အထက်ပေါင်းလောင်းစက်ရုံနဲ့ အောက်ပေါင်း လောင်းစက်ရုံ ဖြစ်ပါတယ်။ အလယ်ပေါင်းလောင်းကတော့ ၂၀၂၄-၂၀၂၅ ခုနှစ်တွေမှာ အပြီးသတ်မယ်လို့ မျှော်မှန်းထားပြီး စက်တပ် ဆင်အင်အားကတော့ ၁၀၀ မဂ္ဂါဝပ်ဖြစ်တယ်လို့ သိရပါတယ်။ အထက်ပေါင်းလောင်းစက်ရုံတည် ဆောက်ပြီးစီးတဲ့အချိန်မှာ အောက် ဘက်မှာရှိတဲ့ ပေါင်းလောင်းစက်ရုံရဲ့ ဓာတ်အားထုတ်လုပ်မှု ပိုမိုတိုးတက်လာတယ်လို့ ပြောကြပါတယ်။ မကြီးမား၊ မရှည်လျားတဲ့   သာမန်မြစ်လေး တစ်စင်းဖြစ်တဲ့ ပေါင်းလောင်းမြစ်ဟာ မြန်မာ့မြေပေါ်မှာတည်ရှိပြီး မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးကို ကျေးဇူးပြုတဲ့ မြစ်တစ်စင်းပါပဲ။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရေချိုအရင်းအမြစ်ရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီး အာရှရေချိုအရင်းအမြစ်ရဲ့ ၈ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ ရေချိုလုံလောက်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ သောက်သုံးရေလုံလောက်တဲ့နိုင်ငံမှာ လူဖြစ်ရတာ အလွန်ကံ ကောင်းပါတယ်။ ကမ္ဘာနဲ့အာရှကိုနှိုင်းယှဉ်ပြီး စိတ်ကျေနပ်ကြရပေမယ့် မြန်မာနိုင်ငံတွင်းမှာပဲ သောက်သုံးရေ အခက်အခဲ ဖြစ်ရတဲ့  ဒေသတွေရှိပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသတွေမှာတင် ရေရှားတာမဟုတ်ဘဲ ဧရာဝတီတိုင်းတွင်းက ဒေသတချို့မှာလည်း ရေရှားပါတယ်။ မိုးတွင်းရွာတဲ့မိုးရေကို နည်းအမျိုးမျိုးနဲ့ သိုလှောင်သိမ်းဆည်းပြီး သောက်သုံးကြရပါတယ်။ မိုးတွင်းမှာ လက်မပေါင်းများစွာရွာတဲ့ မိုးရေတွေ အဟောသိကံဖြစ်သွားပြီး နွေရာသီမှာ ရေရှားလွန်းတဲ့ပြဿနာကို အမြဲရင်ဆိုင် နေကြရပါတယ်။ မိုးမရွာ၊ ရေအရင်းအမြစ်တွေမရှိလို့ ရေရှားရတာကို မပြောလိုပေမယ့် ရေတွေရှိရက်နဲ့ နည်းပညာမသုံးလို့ ရေမစုဆောင်းနိုင်လို့ ရေရှားတာကတော့ ကျွန်မတို့တွေရဲ့ ညံ့ဖျင်းမှုလို့သာ ပြောချင်ပါ တယ်။

မြန်မာနိုင်ငံဒေသ အနှံ့အပြားက မြစ်ချောင်းတွေဟာ မိုးတွင်းရွာတဲ့ မိုးရေတွေနဲ့ရေကြီးရေလျှံဖြစ်လေ့ရှိပြီး ဘင်္ဂလား ပင်လယ်အော် ထဲကို ဒီအတိုင်းစီးဆင်းသွားပါတယ်။ ဒီရေတွေဟာ ရေကြောင်းသွားလာရေးကလွဲပြီး စိုက်ပျိုးရေးလည်း အထောက်အကူမပြုပါဘူး။ အမေရိကန်နိုင်ငံမှာ ပြန်လည် ပြည့်ဖြိုးမြဲရေတွေရဲ့ ၅၂ ရာခိုင်နှုန်းကိုအသုံးချပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူတယ်လို့သိရပါတယ်။ ရေချိုသိုလှောင်တဲ့ တာတမံကြီးတွေရဲ့ဖွင့်ပွဲမှာ နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်ကြပြီး တချို့ရေလှောင်တမံတွေကို နိုင်ငံ့ခေါင်း ဆောင်တွေရဲ့ အမည်ပေးခဲ့တယ်လို့သိရပါတယ်။

၁၉၃၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ဖွင့်လှစ်ခဲ့တဲ့ ဟော့ဗားရေလှောင်တမံဖွင့်ပွဲကို သမ္မတရုဇဗဲ့တက်ရောက်ခဲ့တယ်လို့လည်း မှတ်သားခဲ့ရပါတယ်။ နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ရေချိုကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက တန်ဖိုးထားကြောင်း ပြသခဲ့တဲ့ သဘောပါပဲ။  အိမ်နီးချင်းတရုတ်နိုင်ငံက ပြန်လည်ပြည့်ဖြိုးမြဲရေ ၄၁ ရာခိုင်နှုန်းနဲ့ အိန္ဒိယက ၂၁ ရာခိုင်နှုန်းကိုအသုံးပြုပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ ပေါများပိုလျှံနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုအရင်းအမြစ်တွေကို အသုံးချမှုက ၂၀၂၁ ခုနှစ်အထိ ၄ ရာခိုင်နှုန်းသာရှိပါတယ်။ တစ်ကမ္ဘာလုံးက အရေးထားပြီး အလိုရှိကြတဲ့ ရေချိုတွေက မြန်မာနိုင်ငံမှာ တော့ တန်ဖိုးရှိအောင် အသုံးချမှုနည်းပြီး ပင်လယ်ထဲကို ဒီအတိုင်းစီးဆင်းသွားနေတာကို နှမြောတသခံစားရပါတယ်။

ပုဂံခေတ်ကစပြီး ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရတွေက လယ်ယာစိုက်ပျိုးရေးအဓိကလုပ်ကိုင်တဲ့ နိုင်ငံသားတွေအတွက် ဆည်မြောင်း ကန်ချောင်းတွေ တည်ဆောက်ပေးခဲ့ကြပါတယ်။ “ရွှေကိုမလို၊ ငွေကိုမလို၊ ရေကိုသာလိုသည်” လို့  တောင့်တနေကြရပါ တယ်။ အဲ့ဒီရေကို ပေါပေါများများရလာတဲ့အခါ နိုင်ငံရဲ့စိုက်ပျိုးစီးပွားလုပ်ငန်းတွေ တိုးတက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းက သာထွက်တဲ့ ပေါ်ဆန်းမွှေးစပါးဟာ ဆည်ရေတန်ခိုးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှာစိုက်လို့ရခဲ့ပါပြီ။ ရာသီဥတုကောင်းမွန်ပြီး မြေဆီသြဇာ ပြည့်စုံတဲ့ ရွှေဘိုမြေမှာ သဖန်းဆိပ်ဆည်ရေကိုလိုသလိုအသုံးချရတဲ့အခါ ရွှေဘိုပေါ်ဆန်းအဖြစ် ကမ္ဘာ့အသိအမှတ်ပြု ဆန်တွေ ထွက်လာခဲ့ ပါတယ်။ ရေချိုအရင်းအမြစ်တွေကို စနစ်တကျအသုံးချခြင်းဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာစေဖို့ အခွင့်အလမ်း ကောင်းတစ်ခုဖြစ်လာစေပါတယ်။

အလဟဿကုန်ဆုံးရမယ့်ရေချိုတွေကို အကျိုးရှိရှိအသုံးချဖို့ အလွန်အရေးကြီးပါတယ်။ စနစ်တကျအသုံးမချတတ်လို့ ပင်လယ်ထဲကို စီးဆင်းသွားရမယ့်အစား ဒီရေချိုတွေကိုအသုံးချပြီး လျှပ်စစ်စွမ်းအင်ထုတ်ယူ သင့်ပါတယ်။ ရေချိုတွေကိုစနစ်တကျသိုလှောင်ပြီး လူသားအကျိုးပြု ရေအရင်းအမြစ်တွေအဖြစ် ဆောင်ရွက်သင့်ပါတယ်။ အချိန်မရွေးစိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ဖြစ်နေအောင်လည်း ရေရှိနေမှဖြစ်မှာပါ။ လျှပ်စစ်ဆိုတာ ဒီနေ့ခေတ်မှာ မရှိမဖြစ်အရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ အဓိက လိုအပ်ချက် လည်းဖြစ်ပါတယ်။  ကျေးလက်ဒေသတွေမှာ  လျှပ်စစ်နဲ့ချက်ပြုတ်ကြရင် ထင်းခုတ်စရာမလိုတော့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးလည်းဖြစ်ပါမယ်။ လျှပ်စစ်ကို အကျိုးရှိရှိအသုံးချနိုင်ရင် လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမှာပါပဲ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေရရှိပြီး  စက်ရုံ အလုပ်ရုံတွေ ဖွံ့ဖြိုးတိုးတက်ချင်ရင်လည်း လျှပ်စစ်ရှိမှပါ။ လျှပ်စစ်လုံလောက်အောင်မရတဲ့နိုင်ငံမှာ  ဘယ်လုပ်ငန်းရှင်က ရင်းနှီးမြှုပ်နှံမှုတွေလုပ်မှာတဲ့လဲ။ စီးပွားရေးကောင်းမွန်ဖို့ ဆက်သွယ်ရေးကအခြေခံဖြစ်ပြီး ဆက်သွယ်ရေး ကောင်းမွန်ဖို့ကလည်း လျှပ်စစ်ဓာတ်အားရရှိမှဖြစ်မှာပါ။

ကျွန်မတို့နိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးရှိနေပါတယ်။ ရေမြေရာသီဥတုကလည်း သင့်တင့်မျှတပါတယ်။  လျှပ်စစ် ဓာတ်အားသာ လုံလောက်အောင်ရရှိရင် နိုင်ငံအမြန်ဆုံး ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။ ခေတ်သစ်ကျွန်ပြုလိုကြတဲ့ နိုင်ငံကြီးတွေက ပြောကြတဲ့ ရေအားလျှပ်စစ်ထုတ်ရင် သဘာဝပတ်ဝန်းကျင်ပျက်စီးလိမ့်မယ်ဆိုတဲ့ လိုရာဆွဲ ခြိမ်းခြောက်စကားတွေကို နားယောင်မိ ခဲ့လို့ ဘယ်လောက်များ နောက်ကျသွားခဲ့ပြီလဲ။ ရေအားလျှပ်စစ်စီမံကိန်းလုပ်လို့ သဘာဝပတ်ဝန်းကျင်မပျက်စီးဘဲ ပိုကောင်းတဲ့ သဘာ ဝပတ်ဝန်းကျင်တောင်ရလာခဲ့ပြီဆိုတာ ပေါင်းလောင်းမြစ်နဲ့ ပေါင်းလောင်းဒေသခံတွေက သက်သေပြနေခဲ့ပါပြီ။

ပေါင်းလောင်းမြစ်ဟာ သူ့ကျောပေါ်မှာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသုံးခု၊ စိုက်ပျိုးရေတွေ စုဆောင်းဖြန့်ဝေပေးနေတဲ့ ရေလွှဲဆည် တစ်ခုတို့ကို ထမ်းပိုးထားပြီး သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေတဲ့၊ ရာသီဥတုကိုအေးမြစေတဲ့၊ ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေတဲ့၊ ဒေသတွင်းကလူတွေကို အပန်းပြေစေတဲ့ တာဝန်ကျေတဲ့ မြစ်တစ်စင်းအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ ပေါင်းလောင်းမြစ်လို တာဝန်ကျေတဲ့မြစ်တွေ မြောက်မြားစွာရှိနေမယ်ဆိုရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အခြေခံကောင်းတွေ အများကြီး ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။ သဘာဝတရားက မျက်နှာသာပေးပြီး ရှိနေတဲ့ ရေချိုအရင်း အမြစ်တွေကို အကောင်းဆုံးအသုံးချနိုင်ကြပါစေလို့ ဆုတောင်းရပါတယ်။ တာဝန်ကျေတဲ့ မြစ်ပေါင်းလောင်းကတော့ သူ့ကျောပေါ်က လူသားအကျိုးပြု ပြုပြင်ပြောင်းလဲမှုတွေကို ထမ်းပိုးထားရင်း အေးငြိမ့်သာယာစီးဆင်းလျက်ပဲဖြစ်ပါတယ်။    ။ 

သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)