ဆီးဂိမ်းချန်ပီယံအဖြစ် သုံးကြိမ်ဆက်တိုက် ရယူခဲ့သော ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်း မြန်မာ အမျိုးသမီးအသင်း ဖိလစ်ပိုင်ကိုရှုံးနိမ့်ပြီး တတိယဆုနှင့်လွဲချော်

နေပြည်တော် မေ ၂၁

 ဗီယက်နမ်နိုင်ငံ၌   ကျင်းပနေသည့် (၃၁)ကြိမ်မြောက်    ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပွဲစဉ် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့တွင် ကွမ်းနင်မြို့ရှိ ကမ်ဖာအားကစားကွင်း၌ ကျင်းပသည်။

တတိယနေရာလုပွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဖိလစ်ပိုင်အသင်းက ၂ ဂိုး-၁ ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်   ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗီယက်နမ်အသင်းက ၁ ဂိုး- ဂိုးမရှိဖြင့် လည်းကောင်း  အသီးသီးအနိုင်ရရှိသည်။

မြန်မာအသင်း၏   ဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၄ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက ပယ်နယ်တီမှတစ်ဆင့် ကန်သွင်းနိုင်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းက ၇၃ မိနစ်တွင် ချေပဂိုးနှင့် ၇၆ မိနစ်တွင် အနိုင်ဂိုးများကို ဆက်တိုက်သွင်း သောကြောင့် ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းသည်   ဖိလစ်ပိုင် အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီး စတုတ္ထနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

ဗိုလ်လုပွဲ ပြိုင်ပွဲတွင် ဗီယက်နမ်အသင်း၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၅၉ မိနစ်တွင် အသင်း ခေါင်းဆောင် ငုယင်သီဟွင်ညုက ဂိုးသမားနှင့် တစ်ဦးချင်း အတွေ့တွင် ကျော်ဖြတ်ပြီး သွင်းယူခဲ့ခြင်း ဖြစ်ကာ ဗီယက်နမ်အသင်းက   ထိုင်းအသင်းကို ၁ ဂိုး-ဂိုးမရှိရလဒ်ဖြင့်ပြီးဆုံး၍   အိမ်ရှင်ဗီယက်နမ် အသင်းက  ရွှေတံဆိပ်ဆုကို လည်းကောင်း၊  ထိုင်းအသင်းက  ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဖိလစ်ပိုင်အသင်းက ကြေးတံဆိပ်ဆုကို လည်းကောင်း  အသီးသီး ရရှိကြကြောင်း သိရသည်။    

ကျော်လွင်