တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာပြီး တိုင်းပြည်ကိုကာကွယ်ရန်၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ထိုသို့ထမ်းဆောင်လျက် ရှိသည်မှာ တပ်မတော်တစ်ရပ်အဖြစ် စတင်ပေါ်ပေါက်သည်မှ ယနေ့တိုင်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ အခန်း(၇) ပုဒ်မ ၃၄၁-နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း ပြည်သူလူထုဘေးအန္တရာယ် ကြုံလေတိုင်း တပ်မတော်က ကူညီလျက်ရှိပါသည်။
တပ်မတော်သည် ပြည်သူလူထု ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသခြင်းများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်)ဖြင့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းများသို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ မြစ်တွင်းသွားဆေးရုံသင်္ဘော(ရွှေပုစွန်)ဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးသို့ လည်းကောင်းတပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များက သွားရောက်ကုသပေးခဲ့သည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်လာချိန်တွင်လည်း တပ်မတော်သားတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြင်းထန်နေချိန်တွင် ကျန်းမာရေးဝန်ထမ်းများ အခက်အခဲ ဖြစ်နေသော ဆေးရုံများတွင် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရသည်။
လူ့အသက်ထက် အရေးကြီးတာမရှိ ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒအတိုင်း လိုက်ပါလုပ်ဆောင် ကြရသည်။ တပ်မတော်ဆေးရုံ အသီးသီးတွင် ပြည်သူများကို လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ဖြစ်ပွားနှုန်းအလွန်မြင့်တက်ပြီး လူနာများပြည့်လျှံလာသည့်အချိန်တွင် အငြိမ်းစား တပ်မတော်သား ဆေးဝန်ထမ်းများကလည်း ဝင်ရောက်အားဖြည့် ကူညီပေးခဲ့ကြသည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲညီညီ ဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ ယခုအခါ သုည ဒသမ ၅ အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် သွားလာရေးခက်ခဲသောဒေသများသို့ ပါရဂူများ၊ ဆေးမှူးများ နှင့်သူနာပြုများ ပါဝင်သည့် တပ်မတော်နယ်လှည့်အထူးကုဆေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်ခြင်းကို ဆက်လက် လုပ်ဆောင်ပါသည်။ မေလ ၂ ရက်တွင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့အမှတ်(၄) ဆိပ်ခံတံတား(သီလဝါ)မှ စတင်ထွက်ခွာသည်။ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါများ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ထို့ပြင် X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် မေ ၁၇ ရက်က ကျွန်းစုမြို့နယ်ရှိ ဝဲကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၌ ဒေသခံပြည်သူ ၉၀၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သည်။ ထိုနေ့က ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၄ ဦးအား ဆေးရုံရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသပေးခဲ့ပြီး မီးဖွားလူနာ တစ်ဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော တပ်မတော်သားများအား ဒေသခံတိုင်းရင်းသားများက ကျေးဇူးတင်ရှိကြောင်း ရင်တွင်းစကားများကို မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။ ဒေသခံပြည်သူများ၏ ရင်တွင်းစကားကို ကြည့်ရှုနားဆင် ခဲ့ရသည်မှာ ဝမ်းသာကြည်နူးဖွယ်ကောင်းလှသည်။
မေ ၃ ရက်နေ့တွင် ကိုကိုးကျွန်းမှစတင်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိသည်မှာ မေ ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်သို့ရောက်ရှိ ဆေးကုသပေးလျက်ရှိသည်။ ဒေသခံပြည်သူများ၏ ရင်တွင်းစကား များထဲမှ တိုင်းရင်းသားအဘွားအိုတစ်ဦး၏ ဒေသသံဝဲဝဲဖြင့် စစ်ဗိုလ်စစ်သားတွေ ကျန်းမာပါစေ ဆိုသော ဆုတောင်းသံလေးကား ကြားရသူ တပ်မတော်သားတိုင်းအတွက် ကြည်နူးဖွယ် ဖြစ်ရပါသည်။
ထို့ကြောင့် တပ်မတော်သားများ အနေဖြင့်လည်း ပြည်သူတွေ ကျန်းမာပါစေဟူ၍ ဆုမွန်ကောင်း တောင်းပါကြောင်း ရေးသားလိုက်ရပေသည်။ ။