ပြည်ပနိုင်ငံများသို့ ခရီးသွားသူများအတွက် အာဆီယံနိုင်ငံများ အသိအမှတ်ပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate)ကို ထုတ်ယူကြပါစို့

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ စုဆောင်းခြင်း၊   ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့်ဝေ သုံးစွဲမှုများကို   ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာတွင် တပ်မတော်(ကြည်း၊ရေ၊ လေ)   သတင်းနည်းပညာဌာန၏ နည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် အီလက်ထရောနစ်သတင်းအချက်အလက်စနစ် ဖြစ်သည့်  ကာကွယ်ဆေး ထိုးလုပ်ငန်း စီမံခန့်ခွဲမှု  သတင်းအချက်အလက်စနစ် (Vaccination Management Information System-VMIS) ကို  ၂၀၂၁ ခုနှစ်  ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စနစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်   ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ ကာကွယ်ဆေး ထိုးနှံပေးသူ တစ်ဦးချင်း၏ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်သည့်  အချက်အလက်များကို စာရင်းသွင်း၍   မှတ်တမ်းတင်ထားရှိပါသည်။

ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထား (COVID-19  Vaccination Electronic Certificate)ကို  (၇-၄-၂၀၂၂)ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏  အင်တာနက်စာမျက်နှာဖြစ်သည့်  https://c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ပြီ ဖြစ်ပါသည်။

ထိုသို့    လျှောက်ထားနိုင်ရန်အတွက် လျှောက်ထားမည့်သူအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူဖြစ်ခြင်း၊ ကာကွယ်ဆေးထိုး အချက်အလက်များအား   VMIS စနစ်တွင် စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ဖြစ်၍ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code နှင့် Check ID ပါသည့်

ကာကွယ်ဆေးထိုးမှတ်တမ်းရှိသူဖြစ်ခြင်း၊ ပြည်ပသို့ခရီးသွားမည့်သူများအား ရည်ရွယ်သည့်အတွက် နိုင်ငံကူးလက်မှတ် (Passport) လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ခြင်းနှင့် အဆိုပါနိုင်ငံကူးလက်မှတ် (Passport)သည်  သက်တမ်း ခြောက်လနှင့်အထက်ရှိသူဖြစ်ရပါမည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက် အထား လျှောက်ထားရာတွင် လျှောက်ထားသူ၏ အမည်၊ အဘအမည်၊ နိုင်ငံကူးလက်မှတ်နံပါတ် (Passport Number)၊ မြန်မာဘာသာဖြင့် ထုတ်ထားသော   VMIS  ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ   Check ID (CHK_ID)၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ    စသည့် အချက်အလက်များ ဖြည့်သွင်းရန် လိုအပ်ပြီး လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ နိုင်ငံကူးလက်မှတ်တွင်    ဓာတ်ပုံနှင့် အချက် အလက်များ (Bio data)ပါရှိသည့် စာမျက်နှာနှင့်   VMIS မြန်မာဘာသာ ဆေးထိုးမှတ်တမ်းတို့၏    ဓာတ်ပုံဖိုင် (*.JPEG/JPG)များတွဲ၍ လျှောက်ထားရပါမည်။   အချက်အလက်များ စုံလင်စွာ ဖြည့်သွင်းပြီးပါက CB Pay , Citizen Pay, UAB Pay, KBZ Pay တို့ကို အသုံးပြု၍ မိုဘိုင်းငွေပေးချေမှုစနစ် (Mobile Payment) ဖြင့် လျှောက်ထားသူ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုမှုအတွက် ငွေလွှဲခ(Transaction Charge) ငွေကျပ် ၂၀၀ စုစုပေါင်းငွေကျပ်  ၅၂၀၀ ပေးသွင်းရမည် ဖြစ်ပါသည်။

လျှောက်ထားသူများသည်   အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားပါက  ရုံးဖွင့်ရက် ငါးရက်အတွင်း  ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်   အထောက်အထားမှတ်တမ်းအား   စတင်လျှောက်ထားရာ အင်တာနက်စာမျက်နှာဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https://c19vc.moh.gov.mm တွင် Check ID (CHK_ID) နှင့် နိုင်ငံကူးလက်မှတ်နံပါတ် အသုံးပြု၍ ပြန်လည်ရယူနိုင်ပါသည်။

လျှောက်ထားသူမှ   ဖြည့်သွင်းသည့် အချက်အလက်များနှင့် VMIS စနစ်တွင် မှတ်တမ်းတင်ထားသည့် အချက်အလက်များ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထား မှတ်တမ်းအား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပေးခြင်းဖြစ်ပါသည်။    လျှောက်ထားသူများ အနေဖြင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် ပါရှိသောအချက်အလက်များသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်    နိုင်ငံကူးလက်မှတ်တွင်  ဖော်ပြထားသည့် အချက်အလက်များ တူညီခြင်း ရှိ၊ မရှိ လျှောက်ထားခြင်း မပြုမီ  ကြိုတင်၍ စိစစ်ရမည်ဖြစ်ပါသည်။ အချက်အလက်ကွဲလွဲမှုများရှိပါက ကာကွယ်ဆေးထိုးနှံမှု   ခံယူခဲ့သည့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆေးရုံ၊ ဆေးထိုး စင်တာများတွင် အမှားပြင်ဆင်ခြင်းများ ဦးစွာပြုလုပ်ပြီးမှ လျှောက်ထားရမည် ဖြစ်ပါသည်။

လျှောက်ထားသူများတွင် အချက်အလက်မပြည့်စုံသူများ သို့မဟုတ် အချက်အလက် မှားယွင်းနေသူများ ပါရှိပါက ထိုသူများအနေဖြင့်  ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း ထုတ်ယူရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်သည့်အခါတွင် မှတ်တမ်းအား ထုတ်ယူရရှိမည် မဟုတ်ပါ။ အင်တာနက်စာမျက်နှာတွင် မှားယွင်းနေသည့် အချက်အလက်များကို   ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်းကို အသိပေးမည် ဖြစ်ပါသည်။   ထိုသို့အသိပေးချက်ကို ရရှိပါက    လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်၍ ပြန်လည်လျှောက်ထားနိုင်ပါသည်။  ထိုကဲ့သို့  အမှားပြင်ဆင်လျှောက် ထားခြင်းအတွက် နောက်တစ်ကြိမ် ငွေပေးသွင်းရန် မလိုအပ်ပါ။

အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးပြီးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်  အထောက်အထားမှတ်တမ်းပျောက်ဆုံးပါက https://c19vc.moh.gov.mm တွင် Check ID (CHK_ID) နှင့် နိုင်ငံကူးလက်မှတ်နံပါတ် အသုံးပြု၍ အကြိမ်ရေအကန့်အသတ်မရှိ ထပ်မံရယူခြင်း (download) ပြုလုပ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထား   မှတ်တမ်းကို     အင်တာနက် စာမျက်နှာမှတစ်ဆင့် လျှောက်ထားမှုနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိပါက ကျန်းမာရေးဝန်ကြီးဌာန၏    အီးမေးလ်လိပ်စာဖြစ်သည့် c19vc@mohs.gov.mm သို့ ဆက်သွယ်ဆောင်ရွက် နိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်   အထောက်အထား မှတ်တမ်းရယူခြင်းဖြင့် ပြည်ပနိုင်ငံသို့ ခရီးသွားမည့် သူများအနေဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ မှတ်တမ်းတွင် ပါရှိသည့်  QR Code အား မည်သည့်မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်ဖြင့်မဆို   Scan ဖတ်၍ အချက်အလက်များ ရယူနိုင်သည်ဖြစ်ပါသည်။ အဆိုပါ ကာကွယ်ဆေးထိုးမှတ်တမ်းအား ကိုင်ဆောင်ထားပါက သက်ဆိုင်ရာပုဂ္ဂိုလ်၏   ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ပတ်သက်၍ အလွယ်တကူတိုက်ဆိုင် စိစစ်နိုင်သည့်အပြင် မည်သည့်နေ့ရက်များတွင် မည်သည့်ကာကွယ်ဆေး အမျိုးအစား ထိုးနှံထားကြောင်းကို အတည်ပြုချက်ရယူနိုင်ပါသည်။

ယခုအခါ  ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများအား အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုကဏ္ဍတွင် ဖြေလျှော့ ပေးမှုများစွာ ဆောင်ရွက်ပေးနေခြင်းနှင့်အတူ ပြည်ပမှဝင်ရောက်လာမည့် ခရီးသွားများ ကိုင်ဆောင်မည့် ကာကွယ်ဆေးထိုး မှတ်တမ်းများကို နိုင်ငံအချင်းချင်း  အသိအမှတ်ပြုနိုင်ရန်   အထူးလိုအပ်လျက် ရှိပါသည်။ အာဆီယံနိုင်ငံများအချင်းချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်းများ အပြန်အလှန် အသိအမှတ် ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့်  ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏  အင်တာနက် စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှတစ်ဆင့် ထုတ်ပေးသည့် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate)အား  အာဆီယံနိုင်ငံများ အချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ် ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal)တွင် တရားဝင် အသိအမှတ်ပြုနိုင်ရေးနှင့် စပ်လျဉ်း၍  ၂၀၂၂  ခုနှစ် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့၌ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပသည့်  (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး(15th ASEAN  HEALTH  MINISTERS   MEE-TING)တွင် အတည်ပြုပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍  (၁၅-၅-၂၀၂၂)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအတွက် အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်းအား ASEAN Covid-19  Vaccine Certificate Single Verification Portal ဖြစ်သော https://asean.healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်း ထုတ်ပေးသည့်စနစ်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်(VMIS)တို့ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) သတင်းနည်းပညာဌာနမှ နည်းပညာကျွမ်းကျင်သူများက ကူညီပေးလျက်ရှိပြီး မြန်မာနိုင်ငံမှထုတ်ပေးသည့် ကာကွယ် ဆေးထိုးနှံပြီးကြောင်း   အီလက်ထရောနစ် အထောက်အထားမှတ်တမ်းအား အနောက်နိုင်ငံ များအတွင်း အသိအမှတ်ပြုမှုအစီအစဉ် ဖြစ်သည့် European Union Digital COVID Certificate (EU DCC) တွင် ပါဝင်နိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့်  မိမိတို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့်အချက်အလက်များအား ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ်(VMIS)တွင် မပျက်မကွက် စာရင်းမှတ်တမ်းထားရှိကြပါရန်နှင့် ပြည်ပသို့ ခရီးသွားရန်ရှိပါက ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုနှင့် ပတ်သက်၍  ခိုင်လုံသည့်အထောက်အထားဖြစ်သော အာဆီယံနိုင်ငံ အချင်းချင်း အသိအမှတ်ပြုမှုရရှိထားသည့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း   အီလက်ထရောနစ် အထောက်အထားမှတ်တမ်း(COVID-19 Vaccination Electronic Certificate)အား ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https://c19vc.moh.gov.mm မှတစ်ဆင့် လျှောက်ထားရယူကြပါရန်   တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   ။

ဒေါက်တာသန်းနိုင်စိုး