ဟီရိသြတ္တပ္ပဆိုတဲ့ အရှက်တရားနဲ့ အကြောက်တရားဟာ ကမ္ဘာကိုစောင့်ကြပ်တဲ့ လောကပါလတရား နှစ်ပါးဆိုသည်ကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီတရားနှစ်ပါး ထွန်းကားရင် ကမ္ဘာကြီးငြိမ်းချမ်းမယ်၊ ဒီတရားနှစ်ပါး ပျက်စီးရင် ကမ္ဘာကြီးပျက်စီးမယ်လို့ ဗုဒ္ဓမြတ်ဘုရားက ဟောကြားတော်မူခဲ့ပါတယ်။
အဲဒီတရားရဲ့ သဘောအဓိပ္ပာယ်ကိုလည်း ဗုဒ္ဓဘာသာတွေသိကြပေမယ့် အချို့ကတော့ အယုံ အကြည်မရှိကြဘူးလို့ ဆိုပါတယ်။
မြင်အပ်မမြင်အပ်သုံးဆယ့်တစ်ဘုံသားတွေမှာ နတ်တွေဗြဟ္မာတွေကနည်းပြီး မမြင်နိုင်တဲ့ သရဲပြိတ္တာ ဘီလူးတွေက အဆမတန်များလွန်းပေမယ့် သူတော်ကောင်းနတ်တွေဟာ တန်ခိုးကြီးတဲ့အတွက် သရဲ ပြိတ္တာ ဘီလူးတွေဟာ မလွန်ဆန်နိုင်ဘူးလို့ဆိုပါတယ်။ မြန်မာပြည်မှာ သောတာပန် သဒါဂါမ်- အနာဂါမ်-ရဟန္တာဆိုတဲ့ အရိယာတွေနဲ့ သူတော်ကောင်းကြီးတွေ ရှိသလို သီလသမာဓိပညာ ပြည့်ဝတဲ့ သံဃာတော် တွေအများကြီးရှိပါတယ်။ အဲဒီသီလသမာဓိ ပညာအရှိန်အဝါတွေကြောင့်ပဲ သာသနာစောင့်နတ်တွေနဲ့ သူတော်ကောင်းနတ်ကြီးတွေဟာ လောကကြီးကိုမပျက်စီးအောင် စောင့်ရှောက်ပေးနေခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့မှာတော့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပေမယ့်လည်း အဲဒီတရားနှစ်ပါးပျက်စီးသလောက်ဖြစ်နေတာတွေ့နေရပါပြီ။ ဘာ့ကြောင့်ပါလဲ။ သေချာလေ့လာကြည့်တော့ မြန်မာပြည်မှာ သူတော်ကောင်းကြီးတွေကို စော်ကားနေကြပြီ။ အမြင့်မြတ်ဆုံးရတနာသုံးပါးနဲ့ အနန္တောအနန္တ ငါးပါးကို ပြစ်မှားစော်ကားနေကြပြီ။ ဒါကြောင့် လောကကို စောင့်ရှောက်တဲ့ နတ်တွေဟာ မစောင့်ရှောက် ကြတော့တဲ့အတွက် ကြောက်စရာကောင်းလှတဲ့ ကပ်ဆိုးဘေးဆိုး ကြီးတွေကို အကြီးအကျယ် ရင်ဆိုင်တွေ့ကြုံနေကြရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓမြတ်ဘုရားလက်ထက်က ကပ်ဘေး ဖြစ်တော့ ဘီလူးတွေဝေသာလီပြည်ကို အများကြီး ဝင်ရောက်ဖျက်ဆီးတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြမှာပါ။ လူတွေကတော့ ဘီလူးတွေကို မမြင်နိုင်ပေမယ့် လူတွေကိုအလောင်းတွေဖြစ်အောင် လှုံ့ဆော်တယ်။ ညဘက်ကျမှ အလောင်းကောင်တွေကို ကိုက်စားကြကြောင်း သိရပါတယ်။ ဘုရားမှတစ်ပါး လူများက မမြင်နိုင်ကြပါ။ အခုလည်း ကပ်ဘေးဆိုကတည်းက အဲဒီသဘောတရားတွေ အများကြီးပါတယ်လို့ ဆိုပါတယ်။ တကယ်တော့ လောကကိုစောင့်ကြပ်တဲ့ နတ်တွေက မစောင့်ရှောက်တော့ဘူးဆိုရင် သရဲတစ္ဆေ ပြိတ္တာ ဘီလူးတွေဟာ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရသွားပါပြီ။ အခုလည်း အနိဋ္ဌာရုံတွေမကြားဝံ့မနာသာ လူသား မဆန်တဲ့ လုပ်ရပ်တွေ အများကြီး တွေ့နေကြပြီ မဟုတ်ပါလား။ ဒါ့ကြောင့် ရတနာသုံးပါးနဲ့ အနန္တော အနန္တငါးပါးကို မပြစ်မှားမစော်ကားကြဖို့ အထူးသတိရှိကြဖို့လိုပါပြီ။ သောတာပန်တစ်ယောက်ရှိရင် တစ်ရပ်ကွက်လုံး လုံပြီး သဒါဂါမ်တစ်ယောက်ရှိရင် တစ်မြို့နယ်လုံခြုံသလို အနာဂါမ်တစ်ယောက်ရှိရင် ပြည်နယ်တိုင်း တစ်ခုလုံးလုံတယ်။ ရဟန္တာတစ်ပါးရှိရင် တစ်နိုင်ငံလုံးလုံတယ်လို့ မဟာဗောဓိမြိုင် ဆရာတော်ကြီးကလည်း မိန့်ကြားခဲ့ဖူးကြောင်း သိရပါတယ်။ ထို့ကြောင့် မြန်မာပြည်ဟာ ရဟန္တာတစ်ပါးရဲ့ လက်တစ်ဝါးစာတောင် မရှိပါဘူးလို့ တောင်တန်းသာသနာပြု ဆရာတော်ကြီး မိန့်ကြားခဲ့ဖူးပါတယ်။ အရိယာကြီး တွေနဲ့သူတော်ကောင်းကြီးတွေရဲ့ အစွမ်းကြောင့် တန်ခိုးကြီးတဲ့နတ်ကြီးတွေက ကာကွယ်ပေး ကြကြောင်း သိရပါတယ်။ သို့သော်လည်း ရတနာသုံးပါးကို စော်ကားလျှင်တော့ အဲဒီတန်ခိုးကြီးတဲ့ နတ်တွေစိတ်ဆိုးပြီး မကာကွယ်တော့ကြောင်း သိရပါတယ်။ အဲဒီအချိန်မျိုးဟာ ကြောက်စရာအကောင်းဆုံး အခြေအနေမျိုး ဖြစ်ပေါ်တတ်ပါသတဲ့။ ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုခြင်း၊ သူတော်ကောင်းကြီးများကို ပြစ်မှားစော်ကားခြင်း စသည်များကလည်း နတ်ကောင်းနတ်မြတ်များနဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများကို စိတ်ဆိုးပြီး အဝေးကိုရှောင်သွားစေခြင်းပဲ ဖြစ်ပါသတဲ့။ သူတော်ကောင်းတွေ မစောင့်ရှောက်တော့ဘဲ ရှောင်သွားတော့ ဘီလူး သရဲ ပြိတ္တာတွေက ကံနိမ့်နေတဲ့ လူတွေကိုဝင်စီးပြီး လူသားမဆန်တဲ့ မေတ္တာကင်းတဲ့ လူသားအချင်းချင်း ရဟန်းသံဃာပါမရှောင် ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ နှိပ်စက်လုယက်ခြင်း စသည်များကို ပြုလုပ်စေတယ်လို့ ဆိုပါတယ်။ ကြောက်စရာပါ။
သေချာသတိထားကြည့်လျှင် ဒီရက်ပိုင်း လပိုင်းအတွင်းမှာ ငလျင်ကြီးတွေလှုပ်တာ စိပ်လာသလို မီးတောင်ကြီးတွေလည်း ပေါက်တာများလာတယ်။ သဘာဝဘေးအန္တရာယ် ဘေးတွေကလည်း ကမ္ဘာ့နေရာ အားလုံးမှာလိုလို သူ့အတိုင်းအတာနဲ့သူ ဖြစ်နေတာ မနည်းပါ။ ဒါဟာ လူသားတွေရဲ့ လောဘ ဒေါသ မောဟ အားကြီးလာလို့ ကမ္ဘာကြီးပါပူလောင်လာခြင်းဖြစ်ပါသတဲ့။ ဒါ့ကြောင့် အို . . .မြန်မာတို့ . . .လောကကို စောင့်ရှောက်ကြပါစို့ ရတနာသုံးပါးနဲ့ အနန္တော အနန္တငါးပါးကို မစော်ကားကြပါနဲ့။ အဲဒီအကုသိုလ်တွေဟာ ကမ္ဘာမှာအကြီးမားဆုံး အကုသိုလ်ကြီးတွေမို့ အထူးသတိထားကြဖို့ ပညာရှင်များက အထူးတိုက်တွန်း သတိပေးထားပါတယ်။
ပုထုဇဉ်ဉာဏ်နဲ့ ငြင်းမယ့်သူများကိုတော့ ဥပမာလေးတစ်ခု ပြောပြချင်ပါတယ်။
ဗုဒ္ဓမြတ်ဘုရား လက်ထက်တော်အခါက အမျိုးကောင်းသားတစ်ယောက်ဟာ သုမာဂဓ လို့ခေါ်တဲ့ ရေကန်ပေါင်ပေါ်မှာ ထိုင်ပြီး လောကကြီးအကြောင်းကို စဉ်းစားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ရေကန်ထဲက ကြာပင်ရဲ့ ကြာဆူးအပေါက်ကလေးတွေထဲကိုဆင်တပ်တွေ၊ မြင်းတပ်တွေ၊ ရဲမက်တွေဝင်သွားတာကိုသူ့မျက်စိနဲ့ တွေ့လိုက်ရတော့ သူက ငါများ ရူးသွားပြီလားဆိုပြီး တွေးနေခဲ့ပေမယ့် နောက်ဆုံးမတွေးတတ်အောင်ဖြစ်ရပြီး အဖြေရှာမရတာနဲ့ မြတ်ဘုရား ကို သွားလျှောက်ပါသတဲ့ ။ ဒီအခါ မြတ်ဗုဒ္ဓက ချစ်သား၊ မင်းမြင်တာ ဟုတ်မှန်တယ်။ မင်းရူးတာမဟုတ်ဘူး။ အဲဒီကိစ္စက အသူရာနဲ့သိကြားမင်း စစ်ခင်းတော့ အသူရာက စစ်ရှုံးပြီးသူ့တိုင်းပြည်ကို မြန်မြန်ရောက်အောင်ဖြတ်လမ်းကနေပြေးတာလို့ မိန့်တော်မူပါသတဲ့။
ဒီဖြစ်စဉ်ကို မြတ်ဘုရားကသာ ဖြေရှင်း မပေးခဲ့ရင် တစ်လောကလုံးက လူတွေက သူ့ကို ဘယ်လိုပြောကြမလဲ။ အရူးလို့ပဲပြောကြမှာပါ။
တကယ်တော့ ပုထုဇဉ်ရဲ့ ဉာဏ်နဲ့မမီနိုင်တဲ့၊ မဖြေရှင်းနိုင်တဲ့ အကြောင်းအရာတွေဟာ လောကမှာ အများကြီးရှိပါတယ်။ တချို့က သက်သေပြချက်ရှိမှယုံနိုင်မယ်ဆိုရင် ဒီလိုဖြစ်စဉ်မျိုးတွေကို ဘယ်လိုပြောမလဲ။ ဗုဒ္ဓကလည်း ဖြစ်စဉ်တစ်ခုကိုယုံကြည်ဖို့အတွက် အကြောင်း သုံးချက်ရှိတယ်လို့ ညွှန်ပြတော်မူခဲ့ပါတယ်။
(၁) မျက်မြင်ကိုယ်တွေ့အားဖြင့် လည်း ကောင်း၊
(၂) စဉ်းစား၊ ဆင်ခြင်၊ ဝေဖန်ပိုင်းခြားခြင်းဖြင့် လည်းကောင်း၊
(၃) သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ဟောပြောမှု ကြောင့်လည်းကောင်း အဲဒီသုံးချက်ထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေလျှင် ယုံကြည်သင့်တယ်လို့ ဆိုပါတယ်။
တကယ်လည်း ကံအကျိုးတရားကြောင့် ကံအကြောင်းတရား ဖြစ်နေတာတွေကတော့ အများကြီးပါ။ သတ္တဝါတွေဒီဘဝမှာ အသတ်ခံရခြင်းဟာ အရင်ဘဝတွေက သူများကို သတ်ခဲ့လို့ဆိုတာမျိုး၊ အခုဘဝမှာ သူတစ်ပါးကို သတ်တဲ့သူများသည်လည်း နောင်ဘဝတွေမှာ ဒီလိုပဲပြန်ပြီး အသတ်ခံရမှာ အသေအချာ ဖြစ်ပါသတဲ့။ အခုဘဝဆင်းရဲခြင်းဟာ လွန်ခဲ့တဲ့ဘဝတွေက သူများရဲ့ပစ္စည်းဥစ္စာကို ခိုးခဲ့လို့ ဆိုတာမျိုးတွေကတော့ အများကြီး အများကြီးပါ။ ဒါ့ကြောင့် ကျွန်မတို့လူသား အားလုံးလည်း အသိတရားလက်လွတ်မသွားစေဘဲ ရတနာသုံးပါးနဲ့ မိဘဆရာသမားများရဲ့ ကျေးဇူးကို အစဉ်သတိထားပြီး သတ္တဝါများကပ်ဆိုး ဘေးဆိုးကြီးမှ လွတ်မြောက်နိုင်ကြစေဖို့၊ သူတော်ကောင်းနတ်ကြီးများရဲ့ စောင့်ရှောက် ပေးခြင်းကို ခံနိုင်ကြစေဖို့၊ နတ်တွေကူညီခွင့်ရပြီး ဓမ္မနဲ့အဓမ္မ အမြန်ဆုံးကွဲပြားသွားစေဖို့(တကယ်တော့လည်း အဓမ္မက ဓမ္မကို နိုင်ရိုး ထုံးစံမရှိပါတဲ့)၊ နတ်တွေကူညီခွင့်ရအောင်၊ ရတနာသုံးပါးကိုမစော်ကားမိအောင် သတိဆောင်ပြီး မိသားစုနဲ့အတူ အေးချမ်းသာယာစွာနေထိုင်နိုင်ကြစေဖို့ အို --- မြန်မာတို့-- လောကကို စောင့်ရှောက်ကြပါစို့လို့ပဲ ညီညီညာညာမေတ္တာရပ်ခံကြလျှင်ကောင်းမည်ထင်ပါ၏။ ။
မေကျော့ရှင်း