မြိတ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းလှေပေါ် မှ လှေလုပ်သားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ မေ - ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ် ခန့်တွင် မြိတ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၀ ဒသမ ၅ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်ခဲ့ သည့် ရွှေရစံ အမည်ရှိ ငါးဖမ်းလှေ ပေါ်မှ လှေလုပ်သား ၅ ဦးအား ကယ်ဆယ်ထားသည့် အောင်ပြည့်စုံ -၂၇ အမည်ရှိ ငါးဖမ်းလှေထံမှ မိမိရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင် ခဲ့သည်။
အဆိုပါ လှေလုပ်သားများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး၍ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။