ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ

ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာ နေသည့် မော်တော်ယာဉ်များအား မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက် သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်နေ ဦးနေဇော်လတ် (၃၅)နှစ် မောင်းနှင်သည့် High Class ခရီးသည်တင်မော်တော်ယာဉ်သည် ခရီးသည် ၂၃ ဦးအားတင်ဆောင်ကာ မန္တလေးမြို့မှ ကလေးမြို့သို့ ရွှေဘို-မန္တလေးကားလမ်းအတိုင်းမောင်းနှင်လာစဉ် နံနက် ၄ နာရီ ၂၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာအဝင် ရွှေဘို-မန္တလေးကားလမ်းမကြီးမိုင်တိုင်အမှတ် ၅၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား အရောက်၌ လမ်း၏ယာဘက်ဘေးမှ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ ဝဲ၊ယာလေကာမှန်များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်တို့ ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ခရီးသွားပြည်သူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။