အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ မေ ၂၃ ရက်)
ယဉ်ကျေးမှုဟူသည် လူတို့၏ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးစလုံးနှင့် သက်ဆိုင်လျက်ရှိသည်။ ယဉ်ကျေးမှုဆိုရာတွင် ယုံကြည်ကိုးကွယ် သည့် ဘာသာတရား၊ လူမှုဓလေ့ထုံးတမ်းအတွေးအခေါ်အယူအဆများ၊ ဝတ်စားဆင်ယင်မှု၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ အနုသုခုမ၊ ဘာသာစကား၊ စာပေ စသည်တို့အကျုံးဝင်သည်။ ထိုယဉ်ကျေးမှုသည် လူမျိုးအလိုက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံ၊ ကိုယ်ပိုင်မူများနှင့် ဖြစ်ထွန်းလာပြီး အမွေအနှစ်ကောင်းများဖြစ်စေရန် အစဉ်အဆက်ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြရသည်။ နိုင်ငံတစ်နိုင်ငံသည် မည်မျှပင်ချမ်းသာကြွယ်ဝစေကာမူ ယဉ်ကျေးမှုကောင်းများ ခေါင်းပါးဆိတ်သုဉ်းနေပါလျှင် အချည်းနှီးသာဖြစ်သည်။ ယဉ်ကျေးမှု သည် လူ့တန်ဖိုးကို အဆုံးအဖြတ်ပေးသည်။
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများ စုပေါင်းနေထိုင်ရာ နိုင်ငံဖြစ်သည်။ တိုင်းရင်းသား အသီးသီးတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှုများရှိကြသည်။ ထိုယဉ်ကျေးမှုများ မတိမ်ကောမပပျောက်အောင် ထိန်းသိမ်း ကြရမည်ဖြစ်သည်။ ထိုသို့ထိန်းသိမ်းရန်မှာ မျိုးဆက်သစ်တို့တွင် အဓိကတာဝန်ရှိပါသည်။ လူ့သက်တမ်းအလိုက် ပေါ်ပေါက်လာသော မျိုးဆက်သစ်တိုင်းက မိမိတို့၏ တိုင်းရင်းသားဓလေ့ထုံးစံ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းကြမှသာ ပျက်စီး ပျောက်ကွယ်မှု ဘေးမှ ကာကွယ်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် လူမှုရေးဦးတည်ချက်၌ “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူ၍ ဖော်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ရာသီအလိုက်ကျင်းပလေ့ရှိသော ပွဲတော်များရှိသည်။ ဥပမာအားဖြင့် မဟာသင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ တန်ဆောင် တိုင်ပွဲတော် စသည့်ပွဲတော်များထင်ရှားသည်။ ထိုပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာတရားကိုင်းရှိုင်းမှုတို့ကို ဖော်ပြသည့် ပွဲတော်များလည်း ဖြစ်သည်။ ထို့အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသည့် ပွဲတော်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်မှစတင်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပနိုင်ခြင်းမရှိဘဲ ငါးနှစ်ကြာရပ်ဆိုင်းထားသည်ကို တွေ့ရသည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပရန် စီစဉ်လျက်ရှိသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း နေပြည်တော်၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ထည့်သွင်းကျင်းပမည့် တိုင်းရင်း သားရိုးရာ အကပြိုင်ပွဲတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကိုတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အဖွဲ့လိုက်ကပြ ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ဆိုကရေးတီးပြိုင်ပွဲကို ယခင်ပြုလုပ်နေကျ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင်မပြုလုပ်ဘဲ MICC-2၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ယဉ်ကျေးမှု ရတနာခန်းမနှင့် လေ့ကျင့်ရေးဇာတ်ရုံ နေပြည်တော်မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ စသည့်နေရာသစ်များသို့ ပြောင်းရွှေ့ ထားကြောင်းကိုလည်း ထပ်မံသိရှိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ကြသည့် ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ယခင်က (၂၂)ကြိမ်တိုင်တိုင် ကျင်းပပေးခဲ့ခြင်းကြောင့် ပြိုင်ပွဲမှထူးချွန်စွာ ပေါ်ထွက်လာသော အနုပညာသမားများ၏ အရေအတွက်မှာလည်း များစွာရှိခဲ့ပြီဖြစ်သည်။ ထူးချွန်သူမြန်မာ့ရိုးရာအနုပညာရှင်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာခြင်းနှင့်အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာသည်လည်း အစဉ်ရှင်သန်နေမည်ဖြစ်သည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပြီး တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာ ယဉ်ကျေးမှု အနုပညာများကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ မြင့်မားတိုးတက်စေမည်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှသည် ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးကို မြတ်နိုးသူဝါသနာရှင်များ၊ ပညာရှင်များ အနေဖြင့် မိမိတို့မျှော်လင့် တောင့်တနေသောပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရန် ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရပေသည်။ ။