ရန်ကုန် မေ ၂၂
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြား ဆက်စပ်မြို့များတွင် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပနေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမား အဖွဲ့သည် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အနုပညာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ ရွှေတံဆိပ်ဆုရရှိ ခဲ့ကြသည့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားနည်းမှ ရဲထွန်းနောင်(+၇၀)ကီလို၊ ဝူရှူးအားကစားနည်းမှ သိန်းသန်းဦး (နန်းကွန့်)တုတ်ရှည်၊ ပီတန်း အားကစားနည်းမှ ခင်ချယ်ရီသက်(Women Shooting)၊ ပြိုင်ပွဲအသီးသီးမှ ငွေတံဆိပ်ဆုရရှိသူများ၊ ကြေးတံဆိပ်ဆုရရှိသူများနှင့်အတူ စစ်တုရင်၊ E-Sports၊ အမျိုးသမီးဘောလုံး၊ အမျိုးသားဘော်လီဘောအားကစားနည်းတို့မှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည်လိုက်ပါလာကြသည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မေ ၂၂ ရက်အထိ ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်ခြောက်ခု၊ ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု၊ ပီတန်းအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ဂျူဒိုအားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ သေနတ်ပစ်အားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ကနူး/ကယက်အားကစားနည်းမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်ခြောက်ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ်သုံးခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ မြားပစ်အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု၊ အလေးမ အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု စုစုပေါင်း ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခု ရရှိခဲ့ကြောင်း သိရသည်။