မျှော်လင့်ခြင်းမျက်ဝန်းများနှင့် အကောင်းဆုံးသော အမွေ
ကျွနု်ပ်တို့ အမိမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး လွတ်လပ်သော အချုပ်အခြာပိုင်နိုင်ငံအဖြစ် လျှောက်လှမ်းခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်ရတု တိုင်တော့မည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်သည်ကား ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်ခြင်း (၇၅)နှစ်မြောက် “ပြည်ထောင်စုနေ့”ဖြစ်ပါသည်။ ၇၅ နှစ်ဟူသော အချိန်ကာလသည် လူ့ဘဝသက်တမ်းတစ်ခု သို့မဟုတ် မျိုးဆက်တစ်ခု၏ ကာလဟု ဆိုရမည်ဖြစ်သည်။ ထိုဖြတ်သန်းခဲ့သော အချိန်ကာလတွင် နယ်ချဲ့တို့၏ အမွေဆိုးများနှင့်အတူ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုကြောင့် လက်နက်ကိုင် ပဋိပက္ခသည်လည်း ၇၅ နှစ်ဟူသော အချိန်ကာလတစ်လျှောက် ကပ်ငြိပါလာခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ကျွနု်ပ်တို့နိုင်ငံတော်နှင့် အလားတူ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သော နိုင်ငံများလည်းရှိသည်။
ထိုနိုင်ငံများအနက် အချို့သည်ကား ပြည်တွင်းငြိမ်းချမ်းရေး၏ ရလဒ်အဖြစ်ဖွံ့ဖြိုး တိုးတက်မှုအရှိန်အဟုန် မြင့်မားတိုးတက်လျက် ရှိသည်ကို လေ့လာတွေ့ရှိရပါလိမ့်မည်။ ကျွနု်ပ်တို့နိုင်ငံသည်ကား ယနေ့ထက်တိုင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲပင်ဖြစ်သည်။
ငြိမ်းချမ်းရေးကို မျှော်လင့်နေသောမျက်ဝန်းများ
နိုင်ငံတစ်နိုင်ငံတွင် သယံဇာတမည်မျှပင် ပေါကြွယ်ဝစေကာမူ တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေမည်သာဖြစ်သည်။ ကျွနု်ပ်တို့နိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။ သို့သော်လည်း လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုကြောင့် ခေတ်နောက်ပြန်ဆွဲနေကြသည့် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြောင့် ခေတ်အဆက်ဆက် ရည်မှန်းခဲ့သော “ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဆီသို့” မလျှောက်နိုင်ဘဲ တိုင်းရင်းသား ဒေသအချို့တွင် ယမ်းခိုးငွေ့များဝေနေခဲ့/ဝေနေဆဲ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး ပါလီမန် ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ဒီမိုကရေစီအုတ်မြစ်ချသည့် ကာလ(တပ်မတော် အစိုးရကာလ)နှင့် ယနေ့ဒီမိုကရေစီခေတ်ဟူ၍ အဆင့်ဆင့် လျှောက်လှမ်းခဲ့ရာ ခေတ်အဆက်ဆက်တွင် တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီသို့ လာရောက်ကြရန် ကမ်းလှမ်းခဲ့သည်။ အတိတ်သမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာခဲ့ကြသော်လည်း မဖြစ်နိုင်သော တောင်းဆိုမှုများနှင့် ပြည်ထောင်စု အတွင်းမှ ခွဲထွက်ရေး အရိပ်အမြွက်များကို တွေ့ရှိရသလို ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ မလာဘဲ လက်နက်ကိုင်နိုင်ငံရေး လမ်းစဉ်ဖြင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရေးအတွက် အဖျက်အမှောင့် လုပ်နေကြသည်ကို ပြည်သူတစ်ရပ်လုံး တွေ့မြင်ရပေလိမ့်မည်။ နှစ်ပေါင်း ၇၅ နှစ်ကျော်လာသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ပြည်သူတစ်ရပ်လုံးက မျှော်လင့်လျက်ရှိပါသည်။
ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည်ဆိုရာဝယ်
ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည်ဆိုရာဝယ် နိုင်ငံရေးလွန်ဆွဲပွဲဟု သဘောထား၍ မရပါ။ မတူညီသည့် အမြင်၊ အယူအဆများကို တူညီသည့် သဘောထားဖြင့် အခြေခံရမည်သာဖြစ်သည်။ တူညီသည့် သဘောထားဆိုသည်မှာ “နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး”ကို ရှေးရှုရမည်သာဖြစ်သည်။ ထိုသဘောထားသည်ကား ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုနိုင်ပါသည်။
စင်စစ်ပြည်ထောင်စု စိတ်ဓာတ်သည်သာ အမှန်ရှိကြမည်ဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေး ဟူသည်ကား လက်တစ်ကမ်းမှာသာ ရှိသလို ပြည်တွင်းအား ဟူသည်လည်း ပြည်ထောင်စုစိတ်ဓာတ်မည်၏။
လူ့ဘဝသက်တမ်းတစ်ခုမျှ ရှည်ကြာနေသော ကျွနု်ပ်တို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခသည်ကား ချုပ်ငြိမ်းရန်အချိန်တန်ပြီဖြစ်သည်။ ကျွနု်ပ်တို့သည် အနာဂတ်နိုင်ငံတော် အတွက် လူငယ်မောင်မယ်များကို အမွေပေးဖို့လိုအပ်သည်။ ထိုအမွေသည်ကား ပျားသကာထက် ချိုမြသည့် “ငြိမ်းချမ်းရေးတည်း”ဖြစ်၏။ ထိုပြည်တွင်း ငြိမ်းချမ်းရေးဟူသည် တိုင်းသူပြည်သားအားလုံးနှင့် သက်ဆိုင်သည်။ “ငါ သေလွန်သောအခါ” ဟူသောအတွေးမျိုး တွေးခဲ့ဖူးပါရဲ့လား။ စာရေးသူကား အမြဲတွေးသည်။ နိုင်ငံတော်အတွင်း မငြိမ်းချမ်းသည့် လက်နက်ကိုင် ပဋိပက္ခများအကြား ကျွနု်ပ်တို့၏သားသမီးများကို ထားခဲ့ရမည်လား။
စေ့စေ့တွေးကြည့်လျှင် ရင်လေးစရာ ကောင်းလှပါ၏။ စာဖတ်သူတို့လည်း စေ့စေ့တွေး ကြည့်စေချင်သည်။
အမျိုးသားရေး စည်းရိုးပြန်ထိုးရမည်
ယနေ့နိုင်ငံတော်အတွင်း အချို့သော EAOs များနှင့် နိုင်ငံရေး သားကောင်အဖြစ်မှသည် လူသတ်၊ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် PDF များကြောင့် ဒေသအချို့ရှိ ပြည်သူတို့ဒုက္ခ၊ သောကခံစားနေကြရသည်။ PDF များက သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များထံတွင် ဖောက်ခွဲရေးနှင့် အကြမ်းဖက်သင်တန်းများ တက်ရောက်ကြပြီး နေရာဒေသအချို့တွင် စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာနှင့် အဆောက်အအုံများ ဖောက်ခွဲဖျက်ဆီးခြင်း၊ ရဟန်းသံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို လုပ်နေကြသည်မှာ လွန်စွာစက်ဆုပ်ဖွယ် ကောင်းလှသည်။
ဒီမိုကရေစီနှင့် လက်နက်ကိုင်ပဋိပက္ခ/အကြမ်းဖက်လုပ်ရပ်သည်ကား ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ တစ်ဖက်တစ်ချက်စီမှာ ရှိကြသည်။ ကျွနု်ပ်တို့နိုင်ငံတွင် အများစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
အနန္တဂိုဏ်းဝင် သံဃာတော်နှင့် ဆရာ၊ဆရာမများကို ကံသုံးပါးဖြင့် ပြစ်မှားရန် မဆိုထားဘိ အရိပ်ကိုပင် မနင်းဝံ့ကြပါ။
ယနေ့ PDF တို့သည် သံဃာတော်များ၊ ဆရာ၊ ဆရာမများကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်နေကြသည်မှာ စက်ဆုပ်ဖွယ်ဖြစ်ပြီး အံ့အားသင့်မိသည်။ အမျိုးသားရေး စည်းရိုးပေါက်လေပြီလား။ ကျွနု်ပ်တို့ပြည်သူများ လက်မခံနိုင်ပါ။ အမျိုးသားရေး စည်းပေါက်လျှင် လူမျိုးပျောက်တော့မည်မှာ မလွဲဧကန်ပင်။ လူမျိုးပျောက်လျှင် တိုင်းပြည်ပျောက်လိမ့်မည်။ သူ့ကျွန်လက်အောက် နေရသည့်ဘ၀ သို့မဟုတ် နိုင်ငံမရှိသည့်လူမျိုးတို့၏ ဘဝသည်ကား မည်မျှခါးသီးသည်ကို ကျွနု်ပ်တို့၏နိုင်ငံ့သမိုင်းတွင် သင်ခန်းစာတစ်ရပ်ရှိခဲ့သလို ကမ္ဘာ့သမိုင်း စာရွက်များတွင်လည်း ရှာဖွေလေ့လာကြည့်ကြပါ။ အကယ်၍ အမျိုးသားရေး စည်းရိုးအချို့ကျိုးပျက်သည်ဟုဆိုလျှင် မျိုးချစ်စိတ်ဓာတ်ဖြင့် စည်းရိုးများကို ပြန်လည်ထိုးကြရမည်မှာ တစ်မျိုးသားလုံး တာဝန်ဖြစ်သည်ကို သတိချပ်စေချင်သည်။
ရိုးသားမှုနှင့်သတ္တိရှိဖို့သာလိုသည်
မည်သည့်နယ်ပယ်တွင်မဆို ရိုးသားမှုဟူသည် အလွန်အရေးကြီးသည်။ အထူးသဖြင့် နိုင်ငံရေး နယ်ပယ်တွင် ရိုးသားမှု အထူးလိုအပ်ပါသည်။ နိုင်ငံရေးအယူအဆကွဲလွဲမှုကြောင့် ဥပဒေပြင်ပ(အမှောင်ထဲတွင်) လက်နက်ကိုင်စွဲ ထားသည်ဖြစ်စေကာမူ ရိုးသားသည့်နိုင်ငံရေး စိတ်ဓာတ်ရှိမည်ဆိုလျှင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လက်ခံနိုင်ရမည်။ ဆွေးနွေးရမည်။ အမှောင်ထဲတွင် အချိန်ကာလကြာမြင့်စွာ နေခဲ့သည်မို့ အလင်းသို့လာရမည်ကို ကြောက်ရွံ့မနေသင့်ပါ။ အလင်းသို့ရောက်လာသည့်အခါ ခေတ္တမျက်စိကျိန်း ပါလိမ့်မည်။
မကြာမီ အလင်း၏ အရသာကို သိမြင်ခံစားရပါလိမ့်မည်။ အဓိက ရိုးသားမှုနှင့် သတ္တိရှိရန်သာလိုအပ်ပါသည်။
အပွင့်လင်းဆုံးနှင့် အမြင်သာဆုံးသော ငြိမ်းချမ်းရေး ကမ်းလှမ်းမှု
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အကျိုး ရည်မျှော်လျက် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သည်။ ယနေ့ကာလ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် “နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့သော ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ကြောင်း၊ ၇၅ နှစ်ကာလကြာပြီဖြစ်သည့် လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစားရသေးကြောင်း၊ အဓိကအကြောင်းရင်းသည် သဘောထား ကွဲလွဲမှုများအပေါ်တွင် အခြေခံပြီး ဖြစ်ပေါ်လာခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့်ဖြစ်ကြောင်း၊ ဤသည်ကိုဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရ အပြည့်အဝ ခံစားနိုင်မည်ဖြစ်ကြောင်း၊
ထို့ကြောင့် ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေး နှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဟု မိမိပြောကြားခဲ့ကြောင်း၊ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း”နှင့် နိဂုံးတွင် “တိုင်းရင်းသားပြည်သူ အားလုံးငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကို ခံစားနိုင်ရေး ကျွန်တော်တို့အားလုံး လက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြပါမယ်”ဟု ပြောကြားခဲ့သည်။
မိန့်ခွန်းပါ အကြောင်းအရာများနှင့် “ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြပါမယ်”ဟူသော
စကားကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အတ္တကင်းရှင်းသည့်နည်းဖြင့် သွေးချင်းညီအစ်ကိုပမာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမည်ဟု စာရေးသူသဘောပေါက် နားလည်ပါသည်။ အစိုးရ၊ တပ်မတော်အနေဖြင့် အဆုံးစွန်ဆုံးသော ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ၁၉၆၃ ခုနှစ် ဇွန်လတွင် တော်လှန်ရေးကောင်စီသည် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ရာ ထိုစဉ်က စာနယ်ဇင်းများနှင့် အထင်ကရ နိုင်ငံရေးသမားများကသာ ပြည်သူတစ်ရပ်လုံးက အံ့အားတသင့် အားပေးထောက်ခံခဲ့ကြသည်။ ယနေ့ကာလ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် ၁၉၆၃ ခုနှစ်ထက် အပွင့်လင်းဆုံးနှင့် အမြင်သာဆုံးသော သဘောထားဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။ ထိုသို့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် တပ်မတော်အင်အား ချည့်နဲ့မှုကြောင့်မဟုတ်ပါ။
တပ်မတော်အနေဖြင့် တိုက်ပွဲများကြောင့် မည်သည့်ဆုံးရှုံးမှုမဆို တိုင်းပြည်၏ ဆုံးရှုံးမှုသာဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်ဟူသည်လည်း မိမိတို့၏ သွေးချင်းများဖြစ်သည်ဟု ခံယူထားခြင်းကြောင့်ဖြစ်သည်ကို သတိချပ်စေချင်သည်။
ငြိမ်းချမ်းရေးနှင့် ယနေ့ကမ္ဘာ့အခြေအနေ ယနေ့ကမ္ဘာကြီးသည် စစ်အေးကာလဟု ဆိုကြသော်လည်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများ၏စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုနှင့် တစ်ဖက်သတ် အနိုင်အထက်ပြုမှုတို့သည်ကား တစ်နေ့တခြား မြင့်မားလျက်ရှိသည်။ ထိုလှိုင်းဂယက်သည် နိုင်ငံအသီးသီးသို့ အနည်းနှင့်အများ ရိုက်ခတ်နေသည်။ ကျွနု်ပ်တို့နိုင်ငံအဖို့ ထိုသို့သော ရိုက်ခတ်မှုများကို စည်းလုံးမှု အားဖြင့်သာ ကြံ့ကြံ့ခံရန်သာရှိသည်။ သူတစ်လူငါတစ်မင်း အစည်းကွဲနေ၍ မဖြစ်နိုင်တော့သည့် အခြေအနေပင်ဖြစ်ကြောင်း ကမ္ဘာကြည့်ရှုမြင်ကြရမည်။
အချုပ်အားဖြင့်ဆိုရသော် ကျွနု်ပ်တို့၏ စည်းလုံးညီညွတ်မှုပြယုဂ်ဖြစ်သည့် ပြည်ထောင်စုနေ့မြတ်သည် ၇၅ နှစ် ရွှေရတုကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သလို ထိုသို့သော ကာလတစ်လျှောက် ပြည်သူတစ်ရပ်လုံး၏ မျက်ဝန်းများက ငြိမ်းချမ်းရေးကို စောင့်မျှော်နေကြကြောင်းနှင့် ကမ္ဘာတည်သရွေ့ အမိမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် အနာဂတ် မျိုးဆက်သစ်များအတွက် အမွေကောင်း တစ်ရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့။ ။
မောင်မောင်လွင်(ရွှေဘိုသား)