ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် မေ ၂၃
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ရှိ မဟာဓမ္မာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရှိ ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရေကျော်ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ သာသနပါလကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။