မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း၌ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ မေ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်များသို့ သောင်းရင်းမြစ်ရေ များ ၃ ပေခန့်အထိ ဝင်ရောက်ခဲ့သည်။

အဆိုပါ သောင်းရင်းမြစ်ရေများ ဝင်ရောက်ခဲ့သည့် နေရာများ၌ မေ ၂၂ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးကင်း လွတ်ရာ မြေမြင့်ပိုင်းရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဝေနေယျသုခဓမ္မာရုံ၊ စနေဓမ္မာရုံနှင့် ကြခတ် တောဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ယာယီနေရာချထားပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သွားရောက်ကြည့်ရှုအားပေး၍ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ကြသည်။

အဆိုပါ သောင်းရင်းမြစ်ရေသည် ယနေ့ နံနက် ၁၁ နာရီခန့်မှစ၍ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။